DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် ဗီဇာအတုနှင့် ထောင်ချခံရသည့် မြန်မာ ၅၀ ကျော် ပြန်လွတ်
DVB
·
December 2, 2014
မလေးရှားတွင် ဗီဇာအတုနှင့် ထောင်ချခံရသည့် မြန်မာ ၅၀ ကျော် ပြန်လွတ်
Donate to DVB

ဗီဇာအတုကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီချမှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၅၂ ဦးကို မလေးရှား တရားရုံးက ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

[caption id="attachment_50560" align="alignright" width="300"]တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများကို မလေးရှားရဲတပ်ဖွဲ့ လိုက်လံဖမ်းဆီးစဉ် တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများကို မလေးရှားရဲတပ်ဖွဲ့ လိုက်လံဖမ်းဆီးစဉ်[/caption]

မလေးရှားနိုင်ငံ၊ ရှားအလမ်း တရားရုံးက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ချမှတ်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်နိုင်ဖို့အတွက် ကွာလာလမ်ပူအခြေစိုက် မြန်မာသံရုံးက ကူညီပေးမှာဖြစ်တယ်လို့ မလေးရှား အလုပ်သမား သံအရာရှိ ဦးမင်းမင်းဝင်းက ပြောပါတယ်။

“ဟုတ်ပါတယ်။ ဒီကနေ့ အမိန့်ချပါတယ်။ ကျနော်တို့ လေယာဉ်လက်မှတ်တွေစီစဉ်ပြီး ပြန်ပို့မှာပါ။ ၅၂ ယောက်လုံးကို။ သံရုံးကနေ ကူညီပြီးပြန်ပို့ပေးမှာပါ။”

မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ သားတွေကို ဗီဇာအတုနဲ့ မလေးရှား လူဝင်မှုကြည့်ကြပ်ရေး ဌာနက ဖမ်းဆီးပြီး လ၀က ဥပဒေနဲ့ သြဂုတ် ၁၂ ရက်နေ့က ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ထောင်ဒဏ်စီရင်ခံကြရသူ မြန်မာ ၅၂ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သံတမန်နည်းနဲ့ ချဉ်းကပ်မှုတွေရှိပြီး ဒီကနေ့ လွတ်ငြိမ်းချမ်းသားခွင့်ရရှိတာဖြစ်ပါတယ်။

သူတို့ကို ဘယ်နေ့အတိအကျပြန်မယ်ဆိုတာမသိရသေးဘဲ သူတို့ပြန်နိုင်ရေးအတွက် စီစဉ်နေဆဲဖြစ်တယ်လို့လည်း ဦးမင်းမင်းဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်ကနေ မလေးကိုသွားတဲ့ လေယာဉ်ပေါ်မှာ မြန်မာအလုပ်သမား ၇၂ ဦးနဲ့ မြန်မာ အေးဂျင့် ၃ ဦးတို့ လိုက်ပါသွားပြီး မလေးရှားလေဆိပ်မှာ လ၀ကက ဖမ်းဆီးခဲ့တာပါ။

ဒီအထဲက ဗီဇာအမှန်ရှိသူ ၁၂ ဦးနဲ့ ဗီဇာတုကိုင်ထားတဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ် ၈ ဦး စုစုပေါင်း ၂၀ ဦးကတော့ မြန်မာ သံရုံးရဲ့ ညှိနှိုင်းပေးမှုကြောင့်  စက်တင်ဘာလ ဆန်းပိုင်းမှာ  မြန်မာပြည် ပြန်ခွင့်ရခဲ့ပြီးဖြစ်ပါတယ်။   မြန်မာအေးဂျင့် ၃ ဦးကတော့ အမှု ဆက်လက် ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013