DVB Logo
Home
ဆောင်းပါး
ချစ်ခြင်းမေတ္တာနဲ့ ထုဆစ်တဲ့ ဉာဏ်ပညာပန်းကလေးများအားလုံး ပွင့်လန်းပါစေ
DVB
·
September 19, 2025
ချစ်ခြင်းမေတ္တာနဲ့ ထုဆစ်တဲ့ ဉာဏ်ပညာပန်းကလေးများအားလုံး ပွင့်လန်းပါစေ
Donate to DVB

တိုင်းပြည်အပြောင်းအလဲနဲ့အတူ မိခင်ဘဝအသစ် စတင်ခြင်း

အာဏာသိမ်းကာလရဲ့ မုန်တိုင်းကြားမှာပဲ မထင်မှတ်ဘဲ ကျမ ကိုယ်ဝန်ရခဲ့တယ်။ ဝမ်းနည်းစိတ်က တရစ်၊ ဝမ်းသာစိတ်က တဖက်နဲ့ ရောထွေးနေတဲ့ ခံစားချက်တွေကြားမှာ “ဒီကလေးကို မွေးနိုင်ပါ့မလား” ဆိုတဲ့ မေးခွန်းတွေဟာ မိုးမှောင်ကျသလို တရိပ်ရိပ် ဝင်လာခဲ့တယ်။ ဒီလိုနဲ့ပဲ မိခင်ဘဝဆိုတဲ့ ခရီးလမ်းပေါ် ကျမ ခြေလှမ်းတွေ စတင်ခဲ့ရတယ်။

ခရီးသစ်ရဲ့ အစ

ကျမရဲ့ မွေးရပ်မြေဟာ စိတ်မချရတော့တဲ့အခါ လုံခြုံရာမြေကို ရှာခဲ့ရတယ်။ ချမ်းအေးလှတဲ့ နယ်မြို့လေးတခုဆီမှာ ဇာတ်မြှုပ်နေထိုင်ရင်း “ဘယ်မှမသွားဘူး၊ ဒီမှာပဲ ရအောင်နေမယ်” လို့ ဘဝလက်တွဲဖော်နဲ့အတူ အပြန်အလှန် အားပေးခဲ့ကြတယ်။ လက်ရှိလုပ်နေတဲ့ အလုပ်ကလေးကြောင့် စားဝတ်နေရေး အဆင်ပြေခဲ့ပေမဲ့ ဘဝရဲ့ အလှည့်အပြောင်းတခုက ရုတ်တရက် ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာတော့ “တဖက်နိုင်ငံကို ကူးဖို့” ဆိုတဲ့ အကြောင်းက ကျမကို စိတ်ပူပင်မှုတွေနဲ့ ရစ်ပတ်စေခဲ့တယ်။

အဲဒီအချိန် ကိုယ်ဝန်က ၃၂ ပတ်ရှိနေပြီ။ လေယာဉ်စီးဖို့ နီးလာလေ၊ စိတ်က ပိုလှုပ်ရှားလာလေပဲ။ လိုအပ်တာတွေ အားလုံး ပြင်ဆင်ပြီးတဲ့အခါ မွေးရပ်မြေက ပစ္စည်းပစ္စယတွေကို ရောင်းချခဲ့တယ်။ စိတ်လှုပ်ရှားပူပန်မှုတွေနဲ့ပဲ တဖက်မှာလည်း ဗိုက်ထဲက ကလေးက ဒီမှာ မမွေးချင်တဲ့ သဘောလားလို့ နှစ်ယောက်သား ရယ်မောခဲ့ကြတယ်။

အရာအားလုံးထက် ဝမ်းနည်းခဲ့ရတာက အမေပါ။ သူဟာ သမီးကို စိတ်ပူပန်နေပေမဲ့ “သွား သမီး၊ ကောင်းတယ်သွား” လို့ အားပေးခဲ့တယ်။ ဒါပေမဲ့ သူ့ရင်ထဲက စိုးရိမ်စိတ်နဲ့ ဝမ်းနည်းမှုတွေကို ကျမ ခံစားမိနေတယ်။ မျက်နှာချင်းဆိုင် မပြောပြခဲ့ပေမဲ့ မေမေရဲ့ ရင်ခွင်ဟာ အဝေးတနေရာမှာ ကျမအတွက် လွမ်းဆွတ်စိတ် ပူပန်စိတ်တွေနဲ့ ဖြတ်သန်းနေခဲ့ရမှာ သေချာတယ်။

အလှည့်အပြောင်းခရီးအသစ်တခု စတင်ခြင်း

ခရီးစဉ်က ဘန်ကောက်ကနေ ချင်းမိုင်ကို တဆင့်ခံရတယ်။ ဘန်ကောက်လေဆိပ်မှာ လေယာဉ်မတက်ခင် ဗိုက်ကြီးနဲ့ ကျမကို တွေ့တော့ စစ်ဆေးရေးအရာရှိတွေက မေးမြန်းကြတယ်။ မြန်မာလေဆိပ်က ထောက်ခံချက် မပါတာကြောင့် ဗိုက်ကလေးကို ပွတ်ရင်း ဘုရားစာတွေ ရွတ်နေမိတယ်။ ချွေးစေးတွေပြန်နေပေမဲ့ ၁၅ မိနစ်လောက်ကြာတော့မှ လေယာဉ်မှူးကို မေးမြန်းပြီး လေယာဉ်ပေါ် တက်ခွင့်ရခဲ့တယ်။ “အပြန်ကျရင်တော့ ဆရာဝန်ထောက်ခံချက်လေး ယူခဲ့ပါ” လို့ သူတို့က ပြောပေမဲ့ “ငါပြန်မလာဖြစ်တော့လောက်ဘူး” လို့ စိတ်ထဲက ရေရွတ်ရင်း လေယာဉ်ပေါ်တက်ခဲ့တယ်။ ဘယ်အချိန် ကျမ အိမ်ပြန်ရမှာလဲ အခုထိလည်း ကျမ မသိသေးပါဘူး။

တောင်တွေပတ်ချာလည်နေတဲ့ ချင်းမိုင်

တခါမှ မရောက်ဘူးတဲ့၊ ဘယ်တော့မှ မသွားဘူးလို့ ကြွေးကြော်ခဲ့တဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်ကို ရောက်လာခဲ့တယ်။ ဘာသာစကားမပြောတတ်တဲ့ ကျမအတွက် အရာရာတိုင်းက အသစ်အဆန်းတွေချည်းပါပဲ။ ဒါပေမဲ့ ကျမ ကံကောင်းခဲ့တယ်။ ကိုယ့်ကြောင့်လို့ ပြောရမှာထက် ဗိုက်ထဲက ကလေးလေးရဲ့ ကံကြောင့်လို့ ဆိုရမှာပေါ့။ ကူညီမယ့်သူတွေ အဆင်သင့်ရှိနေပြီး ဘာအခက်အခဲမှ မရှိခဲ့ဘူး။ နှစ်သစ်ကူးပွဲတော်မှာ ကလေးလန့်မှာစိုးလို့ အခန်းထဲမှာ တံခါးပိတ်ပြီး ဘုရားစာတွေရွတ်ရင်း ဖြတ်သန်းခဲ့ရတယ်။ မီးရှူးဖောက်သံတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ တဖက်မှာလည်း အိမ်နီးချင်း ငါတို့နိုင်ငံလေးရဲ့ နှစ်သစ်ကူးကရော ဘယ်လိုနေမလဲလို့ တွေးရင်း ဝမ်းနည်းခဲ့ရတယ်။

နှစ်အသစ်မှာရောက်လာတဲ့ ချစ်ခြင်းမေတ္တာ

နှစ်သစ်ကူးပြီးနောက်နေ့ ညမှာပဲ ရေမြွှာပေါက်သွားခဲ့တယ်။ ည ၈ နာရီလောက်မှာ ဘာသာပြန်အမကို ခေါ်ပြီး ဆေးရုံကို ဆိုင်ကယ်နဲ့ သွားခဲ့ကြတယ်။ ဆေးရုံရောက်တော့ ဆရာဝန်က စိတ်မပူဖို့နဲ့ ပြန်နေလို့ရသေးကြောင်း ပြောခဲ့တယ်။ ဒီလိုနဲ့ အိမ်ပြန်လာရင်း လမ်းတွေမှားခဲ့ပေမဲ့ နှစ်ယောက်သား စကားပြောရင်း ဆိုင်ကယ်ပတ်စီးနေခဲ့ကြတယ်။

အိမ်ပြန်ရောက်တော့ ၁၂ နာရီလောက်မှာ ရေတွေ မထိန်းနိုင်အောင် ဆင်းလာတော့မှ ကားနဲ့ ဆေးရုံကို ပြန်ပြေးရတယ်။ ဆေးရုံရောက်တော့ ဆေးရုံတက်ခိုင်းပြီး မွေးလူနာခန်းထဲမှာ ကိုယ်က အရင်ဆုံးရောက်နေတယ်။ တခြားလူနာနှစ်ယောက် ရောက်လာပေမဲ့ သူတို့က ခွဲမွေးတဲ့ပုံပဲ။ သူတို့နိုင်ငံရဲ့ ဆေးရုံစနစ်က အံ့ဩစရာကောင်းတယ်။ ရေတွေ ဆက်တိုက်ဆင်းနေပေမဲ့ သားအိမ်မပွင့်သေးလို့ မမွေးပေးသေးဘူး။

၅ မိနစ်ခြားတခါ ကလေးရဲ့ နှလုံးခုန်နှုန်းကို လာစစ်ကြတယ်။ သူတို့ရဲ့ ထိုင်းလေသံနဲ့ ပြောတဲ့ “Pain, pain” ဆိုတဲ့စကားကို နားမလည်တော့ ခေါင်းပဲ ခါပြခဲ့တယ်။ နေ့လယ် ၁၂ နာရီလောက်ကျမှ ဗိုက်က နာလာတော့တယ်။ ခါးနဲ့ဗိုက်နဲ့ ညှပ်ပြီး နာတဲ့ဝေဒနာကို ခံစားရတာ သက်သာလိုက်၊ ပြန်နာလိုက်နဲ့ တယောက်တည်း အော်နေရတယ်။ ဘေးက တယောက်ကလည်း ညည်းနေပေမဲ့ သိပ်မကြာခင် ခွဲခန်းထဲ ဝင်သွားတယ်။ “အရင်ရောက်တဲ့သူက နောက်မှမွေးတတ်တယ်” ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားက တကယ်မှန်နေခဲ့တယ်။

ညနေ ၁ နာရီလောက်မှာ ပိုးသတ်ဆေး လာထိုးပေးတယ်။ ဒီနောက်ပိုင်းမှာ နာကျင်မှုက ပိုဆိုးလာတယ်။ အရှက်အကြောက်မရှိတော့ဘဲ နာလွန်းလို့ အော်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ကိုယ့်အမေ၊ ကိုယ့်ခင်ပွန်းရှိမှ ဖြစ်မယ်လို့ တွေးခဲ့ပေမဲ့ တကယ်တမ်းကျတော့ ဘယ်သူမှ အနားမှာ မရှိခဲ့ဘူး။ အဲဒီလိုတွေးရင်း ငိုခဲ့ရသေးတယ်။ ညနေ ၅ နာရီလောက်ကျမှ ခွဲခန်းထဲဝင်ရတယ်။ တညလုံး မအိပ်ရတဲ့ အရှိန်ကြောင့် အိပ်ချင်နေတော့ ဆရာမတယောက်က ပခုံးကိုပုတ်ရင်း “Don’t sleep” လို့ ပြောပေးနေတယ်။

ဆရာဝန်ရောက်လာတော့ မွေးဖို့ ပြင်ဆင်ကြတယ်။ “မြန်မြန်မွေးပါတော့” လို့ စိတ်ထဲက တောင့်တနေခဲ့တယ်။ သုံးခါလောက် ညှစ်လိုက်ရတဲ့အခါ “အဲ့ ဆိုတဲ့ အသံလေးနဲ့ ကလေးလေး ထွက်လာတယ်။ “ယောကျ်ားလေးလား၊ မိန်းကလေးလား” လို့ မေးမိတော့မှ “Boy or girl” ဆိုပြီး ပြန်မေးရမယ်ဆိုတာ သတိရပြီး ရယ်မောမိတယ်။

ထိုင်းဆေးရုံက မွေးစာရင်းလုပ်ကြမယ်ဆိုတော့ ထိုင်းနာမည်လေးပေးဖို့ လိုလာတယ်။ အဲလိုနဲ့ အသိအမကနေ တဆင့် ဘယ်လိုနာမည်ပေးရမလဲဆိုပြီး မေးမြန်းကြတော့ သမီးလေးနာမည်ကို ပေးခဲ့တာ ထိုင်းအမည် Pichaporn တဲ့ “ဉာဏ်ပညာကပေးသော ကောင်းချီး” လို့ အဓိပ္ပာယ်ရသတဲ့။ ကိုယ်တွေအတွက်တော့ ချစ်ခြင်းမေတ္တာပါ ထပ်မံဖြည့်စွက်လိုက်တဲ့အခါ ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားတို့နဲ့ ပြည့်ဝစေတဲ့ သမီးလေးတယောက် ဖြစ်ပါတယ်။

မေမေဘဝ

သမီးလေးကို ရင်ခွင်ပေါ် တင်ပေးလိုက်တော့ နို့လိုက်ဟပ်နေတဲ့ သူ့မျက်နှာလေးကို ကြည့်ပြီး တကိုယ်လုံးက နာကျင်မှုတွေ ပျောက်ကွယ်သွားခဲ့တယ်။ “မိခင်ဆိုတာ ဒါမျိုးလား” လို့ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ ဆေးရုံဝန်ထမ်းတွေနဲ့ ရင်းနှီးခဲ့တာကြောင့် သူတို့ရဲ့ စကားတွေဟာ ရင်ထဲမှာ နွေးထွေးမှုကို ပေးခဲ့တယ်။

တကယ်တော့ သူများနိုင်ငံမှာ ကလေးမွေးရတာ ကံကောင်းတယ် ဆိုပေမဲ့ အားကိုးရာမရှိ၊ အလုပ်တဖက်နဲ့ ကလေးတယောက်ကို ပြုစုပျိုးထောင်ရတာက တကယ့်ကို ခက်ခဲတဲ့ခရီးပါ။ ဒီအဖြစ်အပျက်တွေဟာ သုံးနှစ်နီးပါး ကြာခဲ့ပေမဲ့ ကျမရဲ့ရင်ထဲမှာ ဖြစ်ရပ်မှန်ပုံပြင်တပုဒ်လို ထာဝစဉ် မှတ်မိနေဆဲပါ။ ကျမဟာ အနည်းငယ် အဆင်ပြေခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်ဘေးစစ်ဒဏ်ကြား၊ အန္တရာယ်တွေကြားကနေ မှန်းဆလို့တောင် မရနိုင်တဲ့ အခက်အခဲတွေကြားမှာ မိခင်ဘဝကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေတဲ့ မိခင်ပေါင်းများစွာ အများကြီးရှိလို့နေပါတယ်။

အခက်အခဲ အကျပ်အတည်းများကြားက မိခင်ဘဝကို သန်မာစွာလျှောက်လှမ်းနေတဲ့ မိခင်တိုင်းကို လေးစားလျက်

ချစ်ခြင်းမေတ္တာ ဉာဏ်ပညာနဲ့ မိခင်တွေထုဆစ်တဲ့ ပန်းကလေးများအားလုံး ပွင့်လန်းနိုင်ပါစေ။

သောကမျက်ရည်အပူတွေအားလုံး အမြန်ဆုံးချုပ်ငြိမ်းကြပါစေ။

ဆန္ဒပြုလျက်

D JULY

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013