
ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံလေတပ်တွေကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိရေး၊ အတူချိတ်ဆက် ဆောင်ရွက်ရေးတို့အတွက် လေတပ်ဦးစီးချုပ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ The Nation ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မြန်မာ့လေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့ ဖိတ်ကြားချက်အရ ထိုင်း လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖန်းဖတ်ဒီဖတ်ထနကွန်းနဲ့ ဇနီးတို့ဟာ စက်တင်ဘာ ၁၇ ရက်က ထိုင်းဘုရင့်လေတပ်မှ ATR -72 လေယာဉ်နဲ့ နေပြည်တော်ကို သွားရောက်ခဲ့တာပါ။
ထိုင်းလေတပ်ဦးစီးချုပ်နဲ့ အဖွဲ့ဝင်တွေကို မြန်မာ့လေတပ်ဗိုလ်ချုပ်ကြီး ထွန်းအောင်က နေပြည်တော် ဂျက်စ်မင်ဟိုတယ်မှာ တရားဝင်တွေ့ဆုံပြီး လေတပ်ရဲ့ လက်ရှိဆောင်ရွက်ဆဲ အခြေအနေ၊ အနာဂတ်မှာ နှစ်နိုင်ငံချိတ်ဆက်ဆောင်ရွက်သွားနိုင်မယ့် အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် မြန်မာလေတပ်ဗိုလ်ချုပ်ကြီးက ထိုင်းလေတပ်ဗိုလ်ချုပ်ကြီးနဲ့ အဖွဲ့ကို လက်ရှိ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ထိုင်းလေတပ်က တည်ထားကိုးကွယ်မယ့် ဖရမဟာထတ်နဖတ် မေထနီဒွန်း နဖတ်ဖုမ်ဆီရီ စေတီတော်မှာဌာပနာဖို့ ဗုဒ္ဓရုပ်ပွါးဆင်းတုတော်နဲ့ ဌာပနာတော်တချို့ ပေးအပ် ခဲ့ပါတယ်။
ထိုင်းလေတပ်ဘက်ကလည်း ဘုရားစေတီပုံတော်ကို လက်ဆောင်အဖြစ်ပြန် လည် ပေးအပ်ခဲ့ပါတယ်။
ထိုင်းလေတပ်ဦးစီးချုပ်နဲ့ ဇနီးတို့ဟာ စက်တင်ဘာ ၁၈ ရက်မနက်က ရန်ကုန်မြို့သို့ ရောက်ရှိပြီး ရွှေတိဂုံဘုရားနဲ့ ကမ္ဘာအေးဘုရားတွေဖူးမျှော်ကာ အဲဒီနေ့မှာပဲ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
Source: The Nation











