DVB Logo
Home
မြန်မာသတင်း
ထိုင်းကို တရားဝင် လာရောက်သော်လည်း အထောက်အထား မစုံပါက နေရပ်ပြန်ပို့ခံရ
DVB
·
September 19, 2025
ထိုင်းကို တရားဝင် လာရောက်သော်လည်း အထောက်အထား မစုံပါက နေရပ်ပြန်ပို့ခံရ
Donate to DVB

ထိုင်းနိုင်ငံကို တရားဝင် လေကြောင်းလိုင်းကနေ ဝင်လာရောက်ပေမဲ့ သတ်မှတ်ထားတဲ့ အထောက်အထား အချက်အလက် မစုံတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေကို ယာယီထိန်းသိမ်းထားပြီး  လေဆိပ်ကနေ သက်ဆိုင်ရာ နိုင်ငံတွေဆီ ပြန်လွှတ်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။

ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်က ဗီယက်နမ်နိုင်ငံကနေ visa free နဲ့ လာရောက်တဲ့ မြန်မာနိုင်ငံသား ခရီးသွားလူငယ်တယောက် အပြန်လေယာဉ်လက်မှတ် ဖြတ်မလာမိတာကြောင့် ဘန်ကောက်၊ သုဝဏ္ဏဘူမိလေဆိပ်ကနေ မြန်မာနိုင်ငံဆီ နေရပ်ပြန်ပို့ခံရမလို ဖြစ်ခဲ့ပြီး လေဆိပ် ထိန်းသိမ်းရေးစခန်းမှာ ၁၃ နာရီကြာ ထိန်းသိမ်းခံလိုက်ရပါတယ်။

သတ်မှတ်ထားတဲ့ ဟိုတယ်ဘိုကင်၊ အပြန်လေယာဉ်လက်မှတ်နဲ့ Show Money  အထောက်အထားအစုံ မပြနိုင်တဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသား အများအပြား ထိန်းသိမ်းခံခဲ့ရပြီး မိမိတို့ရဲ့ မိခင် နေရပ်နိုင်ငံဆီကို အားလုံး ပြန်ပို့ခံခဲ့ရတာပါ။

ခရီးသွား ဘလော့ဂ်ကာ  Zack က “ပြန်ပို့တဲ့အကြောင်းရင်းကိုတော့ မေးလို့မရဘူး။ အဲ့လောက်ထိ စကားပေါက်တဲ့ အခြေအနေ မရှိဘူး။ ကျနော်တို့ပြောနေတဲ့ စကားတွေကိုလည်း နားမလည်ဘူး။ သူတို့က ကျနော့်ကို မေးခွန်းတော့ မေးတယ်။ ဘယ်နှရက်နေမှာလဲ၊ ဘယ်နေ့ပြန်မှာလဲ မေးတယ်။ ကျနော်က အင်္ဂလိပ်လို ပြောပြတယ်။ ပြောပြတာကို နားမလည်တော့ Google translate ကြီး ထိုးပေးတယ်။ သူတို့ဆီက အရာရှိတွေက ရုံးခန်းထဲ ရောက်တဲ့ချိန်ထိ ကျနော် အင်္ဂလိပ်လို ရှင်းပြခွင့် မရခဲ့ဘူး။ ကျနော့်ကို မြန်မာပြည်ပဲ ပြန်ရမယ်ဆိုပြီး ပြောတယ်။ ကျနော်ကတော့ မပြန်နိုင်ဘူး။ ငါလာခဲ့တာ ဗီယက်နမ်နိုင်ငံ၊ ဒီအဲလိုင်းနဲ့ လာတာ၊ ဒီအဲလိုင်းနဲ့ပဲ ပြန်မယ်ဆိုပြီး ပြောတာ။ ရဲနဲ့က ပြောလို့မရဘူး။ အဲ့တော့ လာခေါ်ပေးတဲ့ လေယာဉ်မယ်နဲ့ နှစ်ယောက်တည်းပြောမှ ငါ မြန်မာပြည်တော့ ပြန်လို့မဖြစ်ဘူး။ ငါ့မှာ ဗီယက်နမ်မှာလည်း ပစ္စည်းတွေကျန်ခဲ့တယ် ပြောလိုက်မှပဲ ဗီယက်နမ်ကို ပြန်ခွင့်ရသွားတယ်။ အဲဒါ ရဲနဲ့ညှိလို့ မရခဲ့ဘူး။ လေယာဉ်မယ်နဲ့ညှိမှပဲ အဆင်ပြေခဲ့တာပေါ့” လို့ ပြောပါတယ်။

နေရပ်ပြန်ပို့ခံရတဲ့ နိုင်ငံသားတွေထဲမှာ အမေရိကန်၊ ယူကေ၊ ကနေဒါ၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယနဲ့  ကာဇက်စတန် နိုင်ငံသားတွေ ပါတယ်လို့ သိရပါတယ်။

သူတို့ကို လူဝင်မှုကြီးကြပ်ရေးရဲ့ ယာယီထိန်းသိမ်းရေးစခန်းမှာ ထားရှိပြီး တညကို ဘတ် ၁၀၇၀ ပေးရတယ်လို့ သိရပါတယ်။

အဲဒီကနေမှ ကိုယ်စီးလာတဲ့ လေကြောင်းလိုင်းကနေ အပြန် လေယာဉ် လက်မှတ်ဝယ်ကာ မိမိတို့ နေရပ် နိုင်ငံဆီ ပြန်ပို့ခံရတာ ဖြစ်ပါတယ်။

ကိုယ်တိုင်ကြုံရသူတယောက်ဖြစ်တဲ့ ကိုသန့်စင်က “Immigration က ဟိုတယ်ဘိုကင်ရယ်၊ အသွားအပြန် လေယာဉ်လက်မှတ်ရယ် ပါရင် ရပြီ။ ဒါကို အဓိက စစ်တာ။ Show money ကတော့ လူပုံကြည့်ပြီးမှ စစ်တာ။ လူက သန့်သန့်ပြန့်ပြန့် သပ်သပ်ရပ်ရပ် ဝတ်လာရင် ဒီကောင်တွေက မကြည့်တော့ဘူး။ အဓိက သူတို့ဆီ အကြာကြီးနေပြီး ပိုက်ဆံမပါဘူး ဘာညာ ဖြစ်မှာစိုးလို့။ လူက သပ်သပ်ရပ်ရပ် သွားရင် သိပ်မကြည့်ဘူး” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံတွင်းကို လေကြောင်းကနေ တရားဝင်လာသူတွေအနေနဲ့ VIP ဝန်ဆောင်မှုယူပြီး ဘတ် ၅,၀၀၀ ကနေ ၇,၀၀၀ အထိ ကုန်ကျတဲ့ လမ်းကြောင်းကနေဆိုရင် အစစ်အဆေး နည်းပါးပြီး မြန်မြန်ဆန်ဆန် ဝင်နိုင်တယ်လို့ VIP ဝန်ဆောင်မှုပေးသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင် အောက်လမ်းကနေ လာသူတွေကိုလည်း တင်းတင်းကျပ်ကျပ် ဖမ်းဆီး စစ်ဆေးနေတာတွေ ရှိနေပြီး ပြီးခဲ့တဲ့လတွေအတွင်းမှာ ဖမ်းဆီးခံရတဲ့ မြန်မာအရေအတွက် သောင်းဂဏန်းရှိတယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးသူတွေဆီက သိရပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013