DVB Logo
Home
မြန်မာသတင်း
အစိုးရတပ်မှ စစ်ဆင်မှုနှင့် ရန်လိုမှုများ ခြွင်းချက်မရှိရပ်ဆိုင်းရန် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ထုတ်ပြန်
DVB
·
December 2, 2014
အစိုးရတပ်မှ စစ်ဆင်မှုနှင့် ရန်လိုမှုများ ခြွင်းချက်မရှိရပ်ဆိုင်းရန် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ထုတ်ပြန်
Donate to DVB

တနိုင်ငံလုံး အပစ်ခတ်ရပ် စာချုပ် ချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ကာလမှာ နှောင့်ယှက်ဟန့်တားမှု ဖြစ်စေတဲ့ စစ်ဆင်မှုတွေ၊ ရန်လိုမှုတွေအားလုံးကို ခြွင်းချက်မရှိ ရပ်ဆိုင်းဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စုစည်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (အက်ဖ်ယူအေ) က သက်ဆိုင်ရာ မြန်မာ့တပ်မတော်ကို ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

2ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ယူအဲန်အက်ဖ်စီရဲ့ ကာကွယ်ရေးဌာန တာဝန်ခံနဲ့ သက်ဆိုင်ရာတိုင်းရင်းသားတပ်ဖွဲ့က စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တွေဟာ ထိုင်းနယ်စပ် လွတ်မြောက်နယ်မြေတနေရာမှာ နိုဝင်ဘာ ၂၈ ကနေ ၂၉ ထိ ၂ ရက်တာ တွေ့ဆုံဆွေးနွေး အပြီး ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာလို့ အက်ဖ်ယူအေအကြံပေး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ညီလာခံပြီးတဲ့နောက်မှာ တပ်မှူး အစည်းအဝေးကို မခေါ်ဖြစ်ဘူး။ ဒါကြောင့် ပထမဆုံးအကြိမ် အက်ဖ်ယူအေ အဖွဲ့ဝင်တွေ တပ်မှူးတွေကို အစည်းအဝေးခေါ်တာပေါ့။ ခေါ်ပြီးတော့ ယူအဲန်အက်ဖ်စီနဲ့ ပေါ်လစီ ဘယ်လိုထိန်းညှိမလဲ။ ကျနော်တို့ တပ်ဖွဲ့တွေအတွက် စုပေါင်းပြီး ဘာလုပ်ရ မလဲဆိုတာ တိုင်ပင်တယ်။ အထူးသဖြင့် တောင်ပိုင်း ကေအဲန်ယူ နယ်မြေ၊ ကေအဲန်အယ်လ်အေ၊ ကေအေအက်ဖ် ပေါ့လေ။ ဒီလို စုဖွဲ့မှုတွေနဲ့ ပတ်သက်ပြီးတော့ ယူအဲန်အက်ဖ်စီနဲ့ သွားနေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ မှာ ပူးပေါင်းပါဝင်ဖို့ပေါ့။ အဓိက အဲဒါတွေ ဆွေးနွေးပြီး ထုတ်ပြန်ကြေညာ ပါတယ်။”

ဖက်ဒရယ်တပ်မတော်ဟာ ယူအဲန်အက်ဖ်စီရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာရှိပြီး ယူအဲန်အက်ဖ်စီက တနိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးလုပ်ငန်းကို လုပ်ဆောင်ကာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်လို့ ပေါ်လစီချထားတဲ့အတွက် ဖက်ဒရယ် တပ်ဖွဲ့ကလည်း ယူအဲန်အက်ဖ်စီ ပေါ်လစီနောက် လိုက်ပြီး ဒီကြေညာချက်ကို ထုတ်ပြန်ရတာလို့ သူက ဆက်ပြောပါတယ်။

တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ တစုံတရာနီးစပ်လာပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာညှိနှိုင်းပွဲမှာ မြန်မာ့တပ်မတော်ကိုယ်စားလှယ်တွေဟာ နောက်ကြောင်းပြန် အဆိုပြုချက်တွေ အတင်းအကြပ်တင်သွင်းတာ၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူ ၆ ချက်ကို အခိုင်အမာတင်ပြလာတာ၊ နယ်မြေအနှံ့အပြား ထိုးစစ်တိုးမြှင့်တာတွေ လုပ်ခဲ့တယ်လို့ အက်ဖ်ယူအေ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အထူးသဖြင့် မြန်မာ့တပ်မတော်က ကေအိုင်အိုဗိုလ်သင်တန်းကျောင်းကို အစီအစဉ်နဲ့ ပစ်ခတ်တာ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တာဖာဆောင် ကူးတို့စခန်းကို အင်အားသုံးသိမ်းပိုက်တာ၊ တီအဲန်အယ်လ်အေ တအာင်းတပ်ကို ထိုးစစ်ဆင်တာ၊ ဒီကေဘီအေ၊ ကေအဲန်အယ်လ်အေ၊ စီအဲန်အက်ဖ် နဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ ရန်လိုမှုလုပ်ရပ်တွေ လုပ်ဆောင်နေတာတွေ အားလုံးကို ပြင်းထန်စွာ ရှုတ်ချပြီး ဒီလုပ်ရပ်တွေ ချွင်းချက်မရှိ ရပ်ဆိုင်းဖို့ အလေးအနက် တောင်းဆိုပါကြောင်း ဖက်ဒရယ်တပ်မတော်ရဲ့ ၂၀၁၄ ဒီဇင်ဘာ ၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြသွားပါတယ်။

ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဟာ ပြည်ထောင်စုသား အားလုံးရဲ့ ဒီမိုကရေစီအခွင့်အရေးနှင့် အခြေခံအခွင့်အရေးများ ပြန်လည်ရရှိစေရန်နဲ့ တိုင်းရင်းသားလူမျိုးများ အားလုံးအတွက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ကြိုးပမ်းဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို ၂၀၁၁ ခုနှစ်ကုန်ပိုင်းမှာ ထူထောင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အစိုးရတပ်မှ စစ်ဆင်မှုနှင့် ရန်လိုမှုများ ခြွင်းချက်မရှိရပ်ဆိုင်းရန် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ထုတ်ပြန်