DVB Logo
Home
နိုင်ငံတကာ
ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ပဋိပက္ခတင်းမာ၊ နှစ်ဘက်ပြည်သူများ မီတာ ၅၀၀ ဆုတ်ခွာရန်  ထိုင်းက အဆိုပြု   
DVB
·
September 18, 2025
ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ပဋိပက္ခတင်းမာ၊ နှစ်ဘက်ပြည်သူများ မီတာ ၅၀၀ ဆုတ်ခွာရန်  ထိုင်းက အဆိုပြု   
Donate to DVB

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၊ ဆာကယောက်ခရိုင် ခုတ်ဆန်မြို့နယ်ထဲမှာ ကမ္ဘောဒီးယား ဒေသခံ ပြည်သူတွေနဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေအကြား အဓိကရုန်းဖြစ်ခဲ့ပြီး နယ်မြေတည်ငြိမ်ရေးအတွက် အခင်းဖြစ်ရာဒေသရှိ နှစ်ဘက် ပြည်သူတွေ အနည်းဆုံး  မီတာ ၅၀၀ ဆုတ်ခွာဖို့ ထိုင်းဘက်က အဆိုပြုထားပါတယ်။

ခုတ်ဆန်မြို့နယ် နောင်ယကယောက်နဲ့ ဘန့်နောင်ကျန်းရွာဘက်မှာ ထိုင်းဘက်က သံဆူးကြိုးတွေ ကာရံထားတာကို စက်တင်ဘာ ၁၆ ရက်ညနေကစ ကမ္ဘောဒီးယားရွာသားတွေ လာရောက်ဖျက်ဆီးပစ်တာမှာ ထိုင်းစစ်တပ်ဘက်က အသာတကြည်ပြောဆိုလို့မရတာကြောင့် မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ပြီး ကမ္ဘောဒီးယားဘက်ကလည်း လောက်လေးခွ၊ ကျောက်ခဲတုံး၊ တုတ်ချောင်းတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မနေ့က ဖြစ်စဉ်မှာတော့ ကမ္ဘောဒီးယားရွာသားတွေဘက်က ထိခိုက်ဒဏ်ရာရသူ အရေအတွက် မသိရပေမဲ့ ထိုင်းဘက်ကတော့ စစ်သား ၄ ယောက် ဒဏ်ရာရပြီး ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့  Thai PBS သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းဘက်က သံဆူးကြိုးတွေကာရံထားတဲ့နေရာဟာ ကမ္ဘောဒီးယားဘက်က သူတို့ပိုင်မြေတွေလို့ ပြောဆိုပြီး ထိုင်းဘက်ကလည်း ထိုင်းပိုင်နက်ထဲကဖြစ်တယ်လို့ အငြင်းပွားနေတာပါ။ 

နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆာကယောက်ခရိုင်ဝန် နိုင်းပရင်းယား ဖိုးထိဆဒ်နဲ့ တာဝန်ရှိသူတွေဟာ စက်တင်ဘာ ၁၇ က ကမ္ဘောဒီးယား ဘန်ဒွေမန်ကျွေခရိုင်ဝန် မစ္စတာ အုမ်ရေးတလိုင်းနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နှစ်ဘက်နိုင်ငံက ခရိုင်ဝန်နဲ့ တာဝန်ရှိသူတွေဟာ ဘွိုင်းပက် (ကမ္ဘောဒီးယား) နဲ့ ခလောင်းလိုတ် (ထိုင်) မြို့နယ် နှစ်ခုကြားနယ်စပ် လဝကရုံးမှာ တွေ့ဆုံကြပြီး ထိုင်းဘက်က အချက် ၈ ချက်ကို အဆိုပြုခဲ့ပါတယ်။

ထိုင်းဘက်က အဆိုပြုချက်တွေမှာ နယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဘက်ပြည်သူတွေ အနည်းဆုံး မီတာ ၅၀၀ စီ ဆုတ်ခွာကြဖို့၊ ဆုတ်ခွာသွားသူတွေ  ဆူပူအောင်  လှုံ့ဆော်အား ပေးခြင်းတွေ မပြုဖို့၊ နယ်ခြားမျဉ်းနဲ့ ၅၀၀ မီတာအကွာကနေ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့၊ နှစ်ဘက်လုံးက မိမိပိုင်နက်လို့ ပြောတဲ့နေရာတွေမှာ မြေမျက်နှာသွင်ပြင်အနေအထား ပြောင်းလဲခြင်း မပြုဖို့၊ အစည်းအဝေးပြီးတဲ့နောက် ၁ ရက်အတွင်း မူလအနေအထားအတိုင်း ပြန်ပြင်ထားဖို့ အချက်တွေ ပါပါတယ်။

ဒါ့အပြင် နယ်စပ် နှစ်ဘက်လုံး စစ်သည်အင်အားနဲ့ လက်နက်ဖြည့်တင်းခြင်းမရှိဖို့၊ အငြင်းပွား နယ်ထဲမပါတဲ့  ရွာသားတွေ ထွန်ယက်စိုက်ပျိုးနေတဲ့နယ်မြေတွေကို လုပ်ကိုင်ခွင့်ပြုကြောင်း အထောက်အထားထုတ်ပေးဖို့၊ နှစ်ဘက်ရွာသားတွေ ထွန်ယက်စိုက်ပျိုးတဲ့ နယ်မြေမှာ ဘယ်ဘက်အာဏာပိုင်တွေ၊ အရပ်သားတွေကမှ ဝင်ရောက်နှောင့်ယှက်ဟန့်တားခြင်း မပြုဖို့လည်းပါ ဝင်ပါတယ်။ 

ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ လာမယ့် နယ်ခြားကော်မတီအစည်းအဝေးမှာ သဘောတူညီချက်တွေ မရခဲ့ဘူးဆိုရင်  ထိုင်းဘက်ခြမ်းမှာ ကျူးကျော်ဝင်ရောက်နေထိုင်တဲ့ ခုတ်ဆုန်မြို့နယ် နောင်ယကယောက်နဲ့ ဘန့်နောင်ကျန်းရွာက ကမ္ဘောဒီးယားနိုင်ငံသားတွေ ရက်ပေါင်း ၃၀ အတွင်း မိမိပိုင်ဆိုင်ရာပစ္စည်းအကုန်ယူပြီး ကမ္ဘောဒီးယားဘက် ရွှေ့ပြောင်းသွားကြဖို့၊ ဒီအမိန့်ဟာ ဆာကယောက်ခရိုင်ဝန်ဘက်က ညွှန်ကြားစာထုတ်ပြန်တဲ့နေ့က စတင်မယ်၊ နယ်မြေက ထွက်ခွာခြင်းမပြုက ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပ‌ဒေတွေနဲ့ အရေးယူသွားမယ်လို့  ဆိုပါတယ်။

ပြဿနာအားလုံးကို ငြိမ်းချမ်းစွာဖြေရှင်းဖို့၊ ပဋိပက္ခတွေရှောင်ရှားဖို့အတွက် နှစ်နိုင်ငံကြား ဒေသအဆင့်ဖြေရှင်းရေး ပူးတွဲကော်မတီတရပ် ဖွဲ့စည်းဖို့လည်း အဆိုပြုပါတယ်။ 

ထိုင်းခရိုင်ဝန်ဘက်က အဆိုပြုချက်တွေကို ကမ္ဘောဒီးယားခရိုင်ဝန်ဘက်က ချက်ချင်းလက်ခံခြင်း မရှိသေးဘဲ အထက်ကို ဆက်ပြီးတင်ပြဦးမယ်လို့ ဆိုပါတယ်။

အဆိုပါအစည်းအဝေးမှာ ကမ္ဘောဒီးယားဘက်က မလေးရှားနိုင်ငံမှာ လုပ်ခဲ့တဲ့ RBC နဲ့  GBC နယ်ခြားကော်မတီအစည်းအဝေးပါ သဘောတူချက်အတိုင်း လိုက်နာဖို့၊ အမှတ် ၄၃ အမ်အိုယူသဘောတူညီချက်နဲ့  TOR 2003 ကို လိုက်နာဖို့၊ ‌ဒေသတွင်းနေပြည်သူတွေ ထိခိုက်မှုမဖြစ်အောင် ရှောင်ရှားဖို့၊ JBC ကော်မတီသဘော တူချက်လိုက်နာဖို့၊ ခရိုင်နှစ်ဘက်စလုံး GBC အစည်းအဝေး သဘောတူချက်အတိုင်း ဆောင်ရွက်ဖို့ တင်ပြခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှာတော့ အခြေအနေတည်ငြိမ်နေတယ်၊ ဒါပေမဲ့ နောက်ထပ်ဆူပူမှုတွေမရှိအောင် စက်တင်ဘာ ၁၇ ရက် ဆူပူမှုဖြစ်တဲ့နေရာအပါအဝင် နောက်ထပ်နယ် စပ်မျဉ်းမှာ ထိုင်းဘက်က လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ဆိုပါတယ်။ 

Source:  Prachachat/  3Plus News / Thai PBS 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013