DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ခိုင်မာသည့် နိုင်ငံရေးသဘောတူညီချက် ရထားကြောင်း သမ္မတ ကြေညာ
DVB
·
December 2, 2014
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ခိုင်မာသည့် နိုင်ငံရေးသဘောတူညီချက် ရထားကြောင်း သမ္မတ ကြေညာ
Donate to DVB

ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် အရေးကြီးတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေး သဘောတူညီချက်ကို ခိုင်ခိုင်မာမာ ရရှိထားပြီးဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံပိုင် မီဒီယာကနေ ပြောကြားလိုက်ပါတယ်။

U Thein Sein၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ထုတ်လွှင့်တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

“ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် မချုပ်နိုင်သေးမီမှာ တပ်အချင်းချင်း ထိတွေ့မှုများ ဖြစ်ပွားနေတာရှိပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့အခြေခံတွေကို ရရှိထား ပြီးဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးက သဘောတူညီထားကြပြီး အဓိကအားဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင် ရွက်ရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု အတွက် အရေးကြီးတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေး သဘောတူညီချက်ကို ခိုင်မာစွာရရှိထားပြီးဖြစ် ပါတယ်။ ဒီလိုခိုင်မာတဲ့ အခြေခံတွေရရှိထားပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ခွဲထွက်ရေးကိစ္စနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးစေမည့် ကိစ္စတွေကလွဲလို့ အခြား ကိစ္စရပ်များအားလုံးကို ဆွေးနွေးဖို့ သဘောတူညီချက်ရရှိထားပြီး ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ဦးအောင်မင်းဦးအောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းအဖွဲ့နဲ့ နိုင်ဟံသာဦးဆောင်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့အကြား ညှိနှိုင်းဆွေးနွေးပွဲတွေဟာ မူကြမ်းအဆင့် single text တတိယမူကြမ်းအဆင့်ကို ရောက်ရှိခဲ့ပြီးနောက် စက်တင်ဘာလ ဆွေးနွေးပွဲမှာ အစိုးရဘက်က အဆိုပြုချက်အသစ်တွေကြောင့် တစ်ဆို့မှု ဖြစ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ဒီတစ်ဆို့မှုကို ညှိနှိုင်းဖို့အတွက် မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေဟာ အန်စီစီတီခေါင်းဆောင်တွေနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြသလို ဒီကနေ့မှာလည်း ထပ်မံညှိနှိုင်းကြပြီး ယူပီဒဗလျူစီနဲ့ အန်စီစီတီ အကြား ထပ်မံတွေ့ဆုံပွဲအတွက် အဖြေထွက်လာနိုင်ဖွယ်ရှိပါတယ်။

သမတဦးသိန်းစိန်ရဲ့ မိန့်ခွန်းပါ ပြောကြားချက်နဲ့ပတ်သက်လို့ အန်စီစီတီအဖွဲ့ ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက “အကယ်၍သမ္မတကြီးက အဲဒီစကားလုံးအတိအကျအတိုင်း ပြောတယ်ဆိုရင်တော့ ကျနော်တို့က ကြိုဆိုပါတယ်။ အထူးသဖြင့် စာချုပ်ထဲမှာ တကယ်ပါတဲ့ စာသားကတော့ နည်းနည်းလေးကွာတယ်။ ဒါကြောင့် သမ္မတကြီးရဲ့မိန့်ခွန်းထဲကအတိုင်းပဲ စာချုပ်ထဲမှာပါ ပြင်ဆင်လိုက်ရင်တော့၊ အတိအကျဖြစ်အောင် ပြန်ထည့်နိုင်ရင်တော့ အကောင်းဆုံးလို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

“စာချုပ်ထဲမှာ ဘာပါလဲဆိုတော့ ဖက်ဒရယ်စနစ်ဖြင့် ပြည်ထောင်စုကို တည်ဆောက်ရန် နိုင်ငံရေးဆွေးနွေးပွဲများနှင့်အညီ တည်ဆောက်ရန် သဘောတူသည်လို့ အဲသလိုပါတယ်။ ဒါကြောင့် ဖက်ဒရယ်စနစ်နဲ့ပြည်ထောင်စုဆိုတာ ဖက်ဒရယ်ပြည်ထောင်စုဆိုပြီးအတွဲက တခါတည်း ပေါင်းပြီးတော့ မသုံးပဲနဲ့ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စု တည်ဆောက်ရန် ဆိုပြီးတော့ စာချုပ်ထဲမှာနော်။ နောက်တခါ နိုင်ငံရေးရလဒ်များနှင့်အညီဆိုပြီးတော့ ထည့်ထားတယ်။ Contingent Clause (မသေချာတဲ့ အပိုဒ်ငယ်) ပေါ့။ အဲသလို ထည့်တဲ့ဟာက စာချုပ်ထဲမှာ။ ဒါပေမယ့် သမတကြီးကိုယ်တိုင်က သဘောတူပြီးပြီဆိုတဲ့ စာသားကို အဲသလို ပြောခဲ့ရင်တော့ အဲဒီစာသာကို ကျနော်တို့က အခိုင်အမာ စာချုပ်ထဲ ပြန်ထည့်လို့ ရ မရ ကတော့ ကျနော်တို့ ပြန်မေးရမယ့်သဘောရှိတယ်။ ရရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ဒါ အင်မတန်ကောင်းတဲ့ လက္ခဏာပဲ” လို့ ပြောဆိုပါတယ်။

အန်စီစီတီရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော်က စက်တင်ဘာဆွေးနွေးပွဲတုန်းက တစ်ဆို့မှု ဖြစ်ခဲ့ရတာဟာ အစိုးရဘက်က နဂိုသဘောတူညီချက်ကို ပြောင်းလဲအဆိုပြုမှုတွေ ရှိခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဆိုပြုမှုထဲမှာ တပြည်လုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုး ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ လက်နက်ဖြုတ်သိမ်းရေး အစီအစဉ်ကို နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီးတဲ့နောက်မှ ဆောင်ရွက်ဖို့ သဘောတူ ထားရာကနေ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ မစတင်ခင် လက်နက်ဖြုတ်သိမ်းဖို့ အစိုးရဘက်က ပြောင်းလဲအဆိုပြုလာတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာလည်း အန်စီစီတီအနေနဲ့ လက်မခံတာကြောင့် ဒီအခြေခံဥပဒေဘောင်တွင်း ၀င်ရောက်ဖို့ ခက်ခဲတယ်လို့ဆိုပါတယ်။

ဒီ စက်တင်ဘာလ ဆွေးနွေးပွဲမှာ တစ်ဆို့မှုဖြစ်ခဲ့ပြီးနောက် နိုဝင်ဘာလအတွင်း ဆွေးနွေးဖို့ အစီအစဉ်လည်း ဖျက်သိမ်းခဲ့ရသလို ကေအိုင်အိုစစ်သင်တန်းကျောင်းကို ၁၀၅ မီလီမီတာ အမြောက်နဲ့ တပ်မတော်ဘက်က ပစ်ခတ်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထိခိုက်လေမလားလို့ စိုးရိမ်ပူပန်မှုတွေမြင့်တက်ခဲ့ပါတယ်။ ဒီနောက် မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ အန်စီစီတီခေါင်းဆောင်တွေ နှစ်ဘက်ထပ်မံတွေ့ဆုံညှိနှိုင်းနိုင်ရေးအစီအစဉ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ညှိနှိုင်းနေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013