DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသူ ၂ ဦး အာမခံရရေး ဆက်လက်ကြိုးပမ်းမည်
DVB
·
December 1, 2014
လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသူ ၂ ဦး အာမခံရရေး ဆက်လက်ကြိုးပမ်းမည်
Donate to DVB

ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံနဲ့ ပြန် လွတ် လာနိုင်ဖို့ မြန်မာသံရုံးအထူးအဖွဲ့က ထပ်မံအာမခံလျောက်မယ်လို့ သံရုံးအထူးအဖွဲ့ဝင် ဦးမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

Koa Toa“မနက်ဖြန် သူတို့ ရမန်ရက်ပြည့်မှာ ဖြစ်တယ်လေ။ အဲဒါကြောင့် ကျနော်တို့အဖွဲ့က တရားရုံးသွားကြမှာပါ။ နောက်ထပ် ရမန်ရက်တိုးမယ်ဆိုလို့ရှိရင် ကျနော်တို့က ကန့်ကွက်မယ်။ ပြီးတော့ အရင်တပတ်က ငြင်းပယ်ခံထားရတဲ့ အာမခံရရေး နောက်ထပ်ပြန်တင်မှာ ဖြစ်ပါတယ်။ သံရုံးအထူးအဖွဲ့ကရော၊ ရှေ့နေများကောင်စီအဖွဲ့ဝင်တွေရော ပါပါတယ်။ တချို့က သွားနေကြပါပြီ။”

ထိုင်းတောင်ပိုင်း ကော့ဆမွီခရိုင် အကျဉ်းထောင်မှာ အချုပ်ကျနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ၂ ဦး အာမခံရရှိရေး မြန်မာအစိုးရဘက်က နိုဝင်ဘာ ၂၆ ရက်နေ့က ကော့ဆမွီတရားရုံးမှာ သွားရောက်လျောက်ထားပေမယ့် မရတဲ့အတွက် ပဉ္စမအကြိမ် ချုပ်ရက်စေ့မယ့် မနက်ဖြန်မှာ ထပ်လျှောက်မှာ ဖြစ်ပါတယ်။

စွပ်စွဲခံထားရသူ ၂ ဦး အချုပ်ထဲကနေ လွတ်ပြီး တရားခွင်ကို အပြင်ကနေဘဲ လာရောက်နာကြားနိုင်ဖို့ တဦးကို ထိုင်းဘတ်ငွေ ၅ သိန်းစီ ပေးဆောင်ရမယ်လို့ ရှေ့နေများကောင်စီက အကြံပြုထားပေမယ့် မြန်မာသံရုံးဘက်ကတော့ သံရုံးအနေနဲ့ အာမခံပြီး တောင်းဆိုခဲ့ပါတယ်။

ဒီတကြိမ်တော့ ငွေအာမခံရော၊ လူအာမခံပါ ၂ ရပ်လုံး သုံးစွဲသွားမယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောထားဖူးပါတယ်။

ထိုင်းအစိုးရရှေ့နေများဘက်ကတော့ အမှုတွဲ ပြီးပြည့်စုံပြီဖြစ်လို့ နိုဝင်ဘာလအတွင်း တရားရုံးတင်နိုင်မယ်လို့ ပြီးခဲ့တဲ့ အပတ်က ရှင်းလင်းပြောဆိုခဲ့ပေမယ့် ဒီနေ့အထိ မတင်နိုင်သေးပါဘူး။

ထိုင်းဥပဒေအရ စွပ်စွဲခံထားရသူတွေကို တကြိမ်လျှင် ၁၂ ရက်နဲ့ ၇ ကြိမ်အထိ တရားရုံးက စွဲချက်မတင်မချင်း ချုပ်နှောင်ထားခွင့်ရှိပြီး ချုပ်ရက် ၈၄ ရက် ပြည့်လို့မှ တရားရုံးမတင်နိုင်ရင် တရားရှင်လွှတ်ရဖို့ ရှိပါတယ်။

ဖမ်းဆီးခံထားရတဲ့ လူငယ် ၂ ဦးဟာ အချုပ်အတွင်းမှာ သမံတလင်းပေါ် အိပ်နေရတဲ့အတွက် သူတို့အတွက် ကုတင်၊ စောင်နဲ့ မွေ့ယာတွေ ၀ယ်ဖို့ ဒီဇင်ဘာလ ၁ ရက် ဒီကနေ့ မနက်ပိုင်းမှာ သွားရောက်ကူညီပံ့ပိုးပေးခဲ့တယ်လို့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အတိုင်ပင်ခံ မစ္စတာ အဲန်ဒီဟောလ်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က အာမခံရမယ်လို့ ထင်ပြီး သမံတလင်းပေါ်ဘဲ အိပ်တာ၊ အနီးနားကလူတွေက အဲလိုအိပ်ရင် ကျန်းမာရေးနဲ့ မညီဘူးလို့ ပြောလို့လေ။ အကျဉ်းထောင်က ဘာမှမပေးဘူး။ တတ်နိုင်တဲ့လူက ကိုယ့်ဖာကိုယ် ၀ယ်ရတယ်။ ကလေး ၂ ယောက်လုံး ကျန်းမာရေးတော့ ကောင်းပါတယ်။ ဒါပေမယ့် မိဘတွေကို သတိရတယ်လို့ ပြောပြီး ငိုတယ်ခင်ဗျ ၊ ဒီကနေ့ သူတို့နဲ့ မိနစ် ၃၀ လောက် တွေ့ခွင့်ရခဲ့ပါတယ်။”

သူတို့ ၂ ဦး အာမခံ ရရေး မရရေး နဲ့ ချုပ်ရက် ထပ်တိုးခြင်းရှိမရှိ မနက်ဖန်အဖြေသိရမှာ ဖြစ်တဲ့အတွက် ထိုင်းရှေ့နေများကောင်စီက သွားဖို့ ပြင်နေတယ်လို့ အဲန်ဒီဟောလ်က ဆက်ပြောပါတယ်။

ဗြိတိန်နိုင်ငံသား လူငယ် ၂ ဦးဖြစ်တဲ့ ဒေးဗစ် နဲ့ ဟန်နာ တို့ ၂ ဦးဟာ အောက်တိုဘာလတွင်းက ထိုင်းတောင်ပိုင်း ကော်ဖငန်းခရိုင် လိပ်ကျွန်းမှာ လာရောက်လည်ပတ်ရင်း အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာလူငယ် အလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က တရားခံအဖြစ် စွပ်စွဲဖမ်းဆီးထားပေမယ့် ပြင်တွင်းပြည်ပ လူမှုကွန်ရက်အများစုက ယုံကြည်မှုမရှိဘဲ ကျွန်းသူကြီးရဲ့ သားဖြစ်သူကိုသာ အဓိက တရားခံအဖြစ် ထင်ကြေးပေးနေကြပါတယ်။

ကျွန်းသူကြီးရဲ့ သားဖြစ်သူကတော့ ဒီလ ၂၃ ရက်နေ့မှာ ဒုလဘ ရဟန်းခံဖို့ ဖိတ်စာတွေ ကြိုတင်ဝေငှထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013