DVB Logo
Home
မြန်မာသတင်း
24 FM အွန်လိုင်းပလက်ဖောင်းတွင် စစ်အာဏာရှင်နှင့် မပတ်သက်သူများ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်  
DVB
·
September 16, 2025
24 FM အွန်လိုင်းပလက်ဖောင်းတွင် စစ်အာဏာရှင်နှင့် မပတ်သက်သူများ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်  
Donate to DVB

တော်လှန်အနုပညာရှင်တွေအတွက် ဝင်ငွေလမ်းကြောင်းတခု ဖန်တီးပေးဖို့ 24 FM အမည်ရှိ  အွန်လိုင်းပလက်ဖောင်းတခုကိုစတင်ထူထောင်လိုက်ပြီး  စစ်အာဏာရှင်နဲ့ မပတ်သက်တဲ့သူတွေ ပူးပေါင်းပါဝင်ကြဖို့ တည်ထောင်သူတွေက ဖိတ်ခေါ်လိုက်ပါတယ်။

စစ်အာဏာရှင်ကြောင့် နိုင်ငံတွင်းက တိမ်းရှောင်လာတဲ့ မြန်မာအနုပညာရှင်တွေနဲ့ ရုပ်ရှင်ဖန်တီးသူတွေ စုပေါင်းပြီး လွတ်လပ်စွာ ဖန်တီးခွင့် ထိန်းသိမ်းမြှင့်တင်ဖို့အတွက် 24 FM အမည်ရှိ Online Streaming Platform တခု စတင်ခဲ့တယ်လို့ 24 FM တည်ထောင်သူတွေဆီကနေ သိရပါတယ်။

24 FM ဟာ အမှန်တရားဘက်က ရပ်တည်တဲ့ ပြည်ပကို တိမ်းရှောင်လာတဲ့ အနုပညာရှင်တွေ တည်ထောင်ထားတဲ့ ပလက်ဖောင်းတခုဖြစ်ပြီး စစ်အာဏာနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ထိစပ်လုပ်ကိုင်ဖူးသူတွေနဲ့ ထိစပ် အလုပ်လုပ်ကိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါရိုက်တာ ကိုဏကြီးက “စစ်အာဏာရှင်နဲ့ ဆက်စပ်ပတ်သက်တဲ့သူ မဟုတ်ဘူးဆိုရင် ကျနော်တို့နဲ့ တွဲလုပ်ဖို့ ဖိတ်ခေါ်တယ်။ ကန့်သတ်ထားတာတွေမရှိဘူး။ ဆိုပါစို့ အနုပညာဖန်တီးမှုတွေမှာ ဆိုရင်လည်း ကန့်သတ်ထားတာမရှိဘူး။ တော်လှန်ရေးခေါင်းစဉ်အောက်မှာပဲ လုပ်ရမယ်ဆိုတာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့စိတ်ကြိုက် ကိုယ့်ရဲ့ ဖန်တီးမှု အစစ်အမှန်ကို ဖန်တီးလို့ရတယ်။ rating system ကို တဖြည်းဖြည်း သွတ်သွင်းပြီးတော့ရွေးချယ်မှုတွေ လုပ်သွားမယ်၊ ကန့်သတ်မှု လုံးဝမထားဘဲ ဖန်တီးလို့ရမယ့် ပလက်ဖောင်းတခုဖြစ်တယ်” လို့ ပြောပါတယ်။

နိုင်ငံတွင်းက စွန့်ခွာခဲ့တဲ့ အနုပညာရှင်တွေဟာ သူတို့ရဲ့ အနုပညာနဲ့ သက်ဆိုင်တဲ့ အရာအားလုံးကို နိုင်ငံတွင်းမှာ ပိတ်ပင်ခံထားရတဲ့အတွက် ဘဝရပ်တည်ရေးမှာ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း သိရပါတယ်။

Artist Shelter  မှ ကိုအယ်မင်းပြည့်မွန်က “Exile Artist တွေ ပြင်ပရောက်နေတဲ့ အနုပညာသမားတွေ ပူးပေါင်းပြီး စဉ်းစားကြတယ်ပေါ့နော်၊ ရေရှည်အတွက် ရပ်တည်လို့ရမယ့် ပလက်ဖောင်းလေးတခုကို စဉ်းစားကြတယ်။ အဲလိုရေရှည်အတွက် ရပ်တည်လို့ရနိုင်မယ့် ပလက်ဖောင်းတခုကို လုပ်လိုက်ရင် ဒီကနေ ကျနော်တို့ရဲ့ အနုပညာတွေ ချပြလို့ရတယ်၊ ဒီကနေမှတဆင့် ကျနော်တို့အတွက် ဝင်ငွေရတယ်၊ အနုပညာဖန်တီးမှုတွေကို လူတွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာပါ” လို့ ပြောပါတယ်။

24 FM ဟာ ရှောင်တိမ်းလာတဲ့ အနုပညာရှင်တွေရဲ့ လွတ်လပ်တဲ့ အနုပညာဖန်တီးမှုတွေအတွက် နေရာတခု ဖန်တီးပေးဖို့နဲ့ ဝင်ငွေလမ်းကြောင်းတခုနဲ့ ရပ်တည်နိုင်ဖို့အတွက် ဒီပလက်ဖောင်းကို တည်ထောင်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီပလက်ဖောင်းကနေ တင်ဆက်မယ့် အနုပညာဖန်တီးမှုတွေအလိုက် ရရှိမယ့်ဝင်ငွေကို ရာခိုင်နှုန်းအလိုက် ဝန်ဆောင်ခရယူပြီး အနုပညာရှင်တွေကို ပေးအပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီလှုပ်ရှားမှုကို အထောက်အကူပြုမယ့် ကိုယ်ပိုင်ရပ်တည်တဲ့ လုပ်ငန်းစုတခု ဖန်တီးပေးဖို့နဲ့ ရုပ်ရှင်ဖန်တီးသူတွေအတွက် ထိုက်တန်တဲ့ အကျိုးအမြတ်ရရှိမယ့် PayPal View စနစ်နဲ့ နောက်ပိုင်း လစဉ်ကြေး Subscription နဲ့ လည်ပတ်မယ့် လုပ်ငန်းတခု ဖြစ်တယ်လို့လည်း သိရပါတယ်။

24 FM မှ ကိုညဏ်က “လောလောဆယ်မှာ ကျနော်တို့က ကွန်းတန့်တွေ စုဆောင်းတဲ့ကာလ ဖြစ်တာမလို့ ဘယ်လိုသဘောမျိုးနဲ့ သွားမလဲဆိုတော့ ကျနော်တို့ ပလက်ဖောင်းပေါ်က သီးသန့်ကြည့်လို့ရတဲ့ ပုံစံမျိုးကို သွားတယ်။ အဲဒါကိုမှ Ticket စနစ်နဲ့ပေါ့နော် ကြည့်ဖို့အတွက်ကို Ticket ဝယ်ပြီး၊ ဒါပေမဲ့ တဖြည်းဖြည်း ကျနော်တို့ မျှော်မှန်းထားတာကတော့ နောက်ပိုင်း ကွန်းတန့်တွေ များလာတယ်၊ အထိုက်အလျောက် အစီအစဉ်တကျတွေ ဖြစ်လာတယ်ဆိုရင် လုပ်နိုင်ကိုင်နိုင်လာတဲ့ အခါမျိုးဆိုရင်တော့ လစဉ်ကြေး Subscription လို ပုံစံမျိုးနဲ့ သွားဖို့လည်း ရည်ရွယ်ထားပါတယ်” လို့ ပြောပါတယ်။

နောက်ပိုင်းမှာ 24 FM ကို Application အဖြစ် ဖန်တီးပြီး အင်တာနက်မရတဲ့ ဒေသက ပရိသတ်တွေအတွက် အနုပညာဖန်တီးမှုတွေ ချပြဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

24 FM ရဲ့ အနုပညာဖန်တီးမှုတွေကို တရားဝင် ပလက်ဖောင်းကမဟုတ်ဘဲ အွန်လိုင်းပေါ်မှာ ပျံ့လာတဲ့အခါ ပရိသတ်တွေအနေနဲ့ အကြောင်းကြားပေးဖို့ကိုလည်း အနုပညာရှင်တွေက ပြောကြပါတယ်။

24 FM ရဲ့ ဖွင့်ပွဲကို အောက်တိုဘာ ၅ ရက်နေ့မှာ “What Happened to the Wolf” ရုပ်ရှင်ကို ကမ္ဘာတဝန်း အွန်လိုင်းက သီးသန့်ပြသခြင်းနဲ့ စတင်မှာဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းကစပြီး  လက်မှတ်တွေ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013