DVB Logo
Home
မြန်မာသတင်း
မြဝတီနှင့် အာရှလမ်းမပေါ်က ဂိတ်များတွင် စစ်ကောင်စီတပ်နှင့် BGF လုံခြုံရေးပူးတွဲယူ
DVB
·
September 16, 2025
မြဝတီနှင့် အာရှလမ်းမပေါ်က ဂိတ်များတွင် စစ်ကောင်စီတပ်နှင့် BGF လုံခြုံရေးပူးတွဲယူ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းနဲ့ သင်္ကန်းညီနောင်ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် မြဝတီမြို့ရဲ့ အဓိကကျတဲ့ လမ်းမနဲ့ အာရှလမ်းမပေါ်က ဂိတ်တွေမှာ စစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တွေက လုံခြုံရေး ပူးတွဲရယူနေကြပါတယ်။

စက်တင်ဘာ ၆ ရက်မှာ စစ်ကောင်စီတပ်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ ကရင် နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းနဲ့ သင်္ကန်းညီနောင်ကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

ဆက်လက်ပြီး မြဝတီ အဓိက လမ်းမနဲ့ အာရှလမ်းမပေါ်က ဂိတ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တွေ လုံခြုံရေးပူးတွဲရယူနေတယ်လို့ ကရင်  စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“BGF တွေက သူ့နေရာနဲ့သူ ပုံမှန်နေထားတာရှိတယ်။ တချို့ BGF တွေရဲ့ Main လမ်းမပေါ်၊ အာရှလမ်းမပေါ်မှာရှိတဲ့ ဂိတ်လေးတွေမှာ စစ်တပ်နဲ့တွဲပြီး ထိုင်ထားတာရှိတယ်။ တချို့နေရာ ၂၇၅ တို့ ၂၇၅ ရဲ့ ပတ်ဝန်းကျင်နေရာတွေမှာ BGF ကော စစ်တပ်ကော တချို့ထိုင်ထားတာတွေလည်း ရှိတယ်။ တချို့ဂိတ်တွေကျ စစ်တပ်ကြီးပဲ ထိုင်ထားတာရှိတယ်။ လောလောဆယ်တော့ ငြိမ်နေတယ်။ ဘာမှ ထူးခြားမှုတော့ မရှိသေးဘူး။ တောင်ဘက်ပိုင်းမှာ တိုက်ပွဲဖြစ်တာ ဘာညာတော့ ရှိတာပေါ့။”

စက်တင်ဘာ ၁၄ ရက် ညပိုင်းက စစ်ကောင်စီတပ်က ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့် လိုက်လံ ကြေညာခဲ့သလို ညဘက်ဆိုရင် ရပ်ကွက်တွေထဲအထိ စစ်ကားတွေနဲ့ လှည့်လည်နေတာကြောင့် ညဘက်အပြင်ထွက်သူ မရှိဘူးလို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

မြို့ခံတယောက်က “နေ့ဘက်ကတော့ ပုံမှန်သွားလာလှုပ်ရှားတယ်။ ညဘက်ကျ  ၈ နာရီလောက်ဆို လမ်းတွေမှာ လူတိတ်ဆိတ်သွားတယ်။ တော်ရုံတန်ရုံ အရေးကြီးကိစ္စမရှိရင် ဘယ်သူမှ မထွက်တော့ဘူး။ သူတို့(စစ်ကောင်စီနဲ့ BGF) ဘယ်လိုပူးပေါင်းထားလဲ မသိဘူး။ အစ်မတို့ တွေ့တာကတော့  ညကျရင် စစ်ကားတွေက ၁၀ စီးတို့ အများကြီးလှည့်တယ်၊ ရပ်ကွက်တွေထဲကို။ သူတို့ ပူးပေါင်းထားတာလား၊ ဘယ်နှဖွဲ့လဲဆိုတာ ဝေခွဲလို့မရဘူး။ စစ်ကားတွေတော့ တွေ့တယ်။ လူတွေက အဲဒီလိုတွေ့ရင် ရှောင်တာများတယ်။ စိုးရိမ်စရာတွေ ရှိတယ်။ ည ၈ နာရီဆိုရင် လုံးဝ လမ်းမမှာ လူသွားလူလာ တော်တော်ပြတ်သွားတယ်။ ဘယ်သူမှလည်း မထွက်ကြတော့ဘူး” လို့ ပြောပါတယ်။

ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ မြဝတီမြို့တောင်ဘက်ကို စစ်ကောင်စီတပ်က ဆက်လက်   စစ်ကြောင်းထိုးနေပါတယ်။

ဒါ့အပြင် မြဝတီ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ ကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်းလိုလို ပစ်ကူပေး ပစ်ခတ်နေပါတယ်။

လက်ရှိမှာလည်း မြဝတီမြို့တောင်ဘက်ကို စစ်တပ်ရဲ့ စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်လာတာကြောင့် လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ သောင်းရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013