
အစ္စရေးဟာ ကိုယ့်နယ်မြေကျော်ပြီးတော့ ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စက်တင်ဘာ ၁၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုနဲ့အတူ ဂျေရုစလင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက ကာတာမှာရှိတဲ့ ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင်တွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ ဒီလူတွေ ဘယ်နေရာမှာရှိရှိ ကင်းလွတ်ခွင့်ရမှာမဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သတိပေးပါတယ်။
အမေရိကန်နဲ့နီးစပ်တဲ့ မဟာမိတ်ဖြစ်တဲ့ ကာတာမှာရှိနေတဲ့ ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုအတွက် နိုင်ငံတကာရဲ့ ဝေဖန်ခံခဲ့ရသလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကိုယ်တိုင်က အပြစ်တင်ခဲ့ပါတယ်။
အစ္စရေးတိုက်ခိုက်မှုကြောင့် လူ ၆ ယောက် သေဆုံးပေမဲ့ ခေါင်းဆောင်တွေ အသက်ရှင် ကျန်ရစ်တယ်လို့ ဟားမတ်စ်ဘက်က ပြောပါတယ်။
ထရမ့်ပ်ကတော့ ကာတာမြေပေါ်မှာ ဒါမျိုးထပ်မဖြစ်စေရဘူးလို့ ကာတာအစိုးရကို အာမခံထားတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
ကာတာကို တိုက်ခိုက်မှုမှာ အမေရိကန်ပါသလားဆိုတဲ့ မေးခွန်းကို နေတန်ယာဟုက “ကျုပ်တို့ဘာသာ လုပ်ခဲ့တာပါ။ ဒါပါပဲ” လို့ တုံ့ပြန်ပါတယ်။
ဒီလိုတိုက်ခိုက်မှုကြောင့် ဒေသတွင်း အမေရိကန်ဆက်ဆံရေးကို ထိခိုက်နိုင်သလားလို့ ရူဘီအိုကို မေးမြန်းမှုကိုတော့ “ပင်လယ်ကွေ့နိုင်ငံ မဟာမိတ်တွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေး” ကို အမေရိကန်က ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ကာတာဘက်ကရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ အာရပ်ခေါင်းဆောင်တွေ အရေးပေါ် ထိပ်သီးဆွေးနွေးပွဲတရပ် ကျင်းပနေချိန်မှာ နေတန်ယာဟုနဲ့ ရူဘီအိုတို့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
Source:Reuters










