
Gen Z လူငယ်တွေရဲ့ အတွေးအခေါ်အတိုင်း အကောင်အထည်ဖော်ပြီးတော့ ၆ လအတွင်း အာဏာပြန်လွှဲမှာဖြစ်ပြီး ဒီရာထူးကိုလိုချင်လို့ ယူထားတာမဟုတ်ဘူးလို့ နီပေါ ယာယီဝန်ကြီးချုပ်သစ် ဆူရှီလာ ကာကီက ပြောကြားလိုက်ပါတယ်။
“ကျမတို့က Gen Z မျိုးဆက်ရဲ့ အတွေးအခေါ်အတိုင်း လုပ်ဆောင်ရမှာပါ။ ဒီအင်အားစုက တောင်းဆိုနေတာက အဂတိလိုက်စားမှု အဆုံးသတ်ဖို့၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖော်ဆောင်ဖို့နဲ့ စီးပွားရေးသာတူညီမျှရှိဖို့ ဖြစ်ပါတယ်။ ရှင်တို့ ကျမတို့ ဒါကို ဖြည့်ဆည်းပေးဖို့ပဲ စိတ်ပိုင်းဖြတ်ထားရပါမယ်” လို့ ယာယီဝန်ကြီးချုပ်က ပြောပါတယ်။
“ကျမက ဒီရာထူးကိုလိုချင်ခဲ့တာမဟုတ်ဘူး။ လမ်းမပေါ်က အသံတွေကြောင့် ကျမ လက်ခံပေးခဲ့တာပါ” လို့ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ တရားသူကြီးချုပ်ဟောင်း ကာကီက ပြောပါတယ်။
တရားသူကြီးဘဝမှာ သန့်ရှင်းတဲ့ ဂုဏ်သတင်း ရှိခဲ့သလို တသီးပုဂ္ဂလ အမှီအခိုကင်းတဲ့ ကာကီကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်ထားဖို့ ဆန္ဒပြမှုကို စတင်ခဲ့တဲ့ Gen Z လူငယ်အုပ်စုတွေက တောင်းဆိုခဲ့ကြတာပါ။
ဆန္ဒပြပွဲမှာ သေဆုံးခဲ့သူတွေအတွက် စက်တင်ဘာ ၁၄ ရက်နေ့ ယာယီအစိုးရအဖွဲ့ အစည်းအဝေးမစခင် တမိနစ် ငြိမ်သက် ဆုတောင်းခဲ့ကြပါတယ်။
နှစ်ရက်တာ ဆန္ဒပြပွဲအတွင်း အနည်းဆုံး ၇၂ ယောက် သေဆုံးပြီး ၁၉၁ ယောက် ဒဏ်ရာရတယ်လို့ တရားဝင်ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းတွေအရ သိရပါတယ်။
နိုင်ငံကို ယာယီဦးဆောင်ဖို့ အဆိုပြုချက်ကို စစ်ဦးစီးချုပ်ရော၊ သမ္မတကပါ ကာကီကို လက်ခံခဲ့ကြပေမဲ့ နိုင်ငံရေးပါတီတွေက လွှတ်တော်ဖျက်ဖို့ သဘောမတူတဲ့အတွက် အကျေအလည် ညှိနှိုင်းခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်နေ့မှာ ရွေးကောက်ပွဲသစ် ပြန်လုပ်ဖို့ သဘောတူညီခဲ့ပြီးမှ လွှတ်တော်ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
“ဘယ်လိုအခြေအနေမျိုးမှာမဆို ကျမတို့ ဒီနေရာမှာ ၆ လထက် ပိုမနေပါဘူး။ ကျမတို့တာဝန်တွေ ပြီးအောင်လုပ်ပြီးတော့ နောက်တက်မယ့် လွှတ်တော်နဲ့ ဝန်ကြီးတွေကို လက်လွှဲပေးဖို့ ကတိပြုပါတယ်” လို့ ဝန်ကြီးချုပ်သစ်က နိုင်ငံကိုပြောတဲ့ မိန့်ခွန်းမှာ ထည့်ပြောသွားခဲ့ပါတယ်။
Source: Reuters











