
ဟော်မုဇ်ရေလက်ကြားမှာ မိမိတို့ရဲ့ ရေနံတင်သင်္ဘော ၂ စင်းကို အီရန်က ခရုဇ်ဒုံးကျည်တွေနဲ့ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ခဲ့တယ်လို့ ယူအေအီးနိုင်ငံက ဇူလိုင် ၁၃ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အိန္ဒိယသင်္ဘောသားတယောက် သေဆုံးခဲ့ပြီး တခြား ၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ဆိပ်ကမ်းတွေကို ရေကြောင်းပိတ်ဆို့မှု ပြန်လည်စတင်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ ကုန်သင်္ဘောအားလုံးဆီကနေ ဖြတ်သန်းခ ၂၀ ရာခိုင်နှုန်း ကောက်ခံသွားမယ်လို့လည်း ထရမ့်ပ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒီပိတ်ဆို့မှုဟာ ဇူလိုင် ၁၄ ရက် အရှေ့ပိုင်းစံတော်ချိန် ညနေ ၄ နာရီ (မြန်မာစံတော်ချိန် ဇူလိုင် ၁၅ ရက်၊ မနက် ၂ နာရီခွဲ) မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။
နိုင်ငံအချင်းချင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်ဟာ အီရန်ကို ၃ ညဆက်တိုက် ပြင်းပြင်းထန်ထန် လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
အီရန်ကတော့ ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေနဲ့ ရန်လိုတဲ့ အမေရိကန် ရေယာဉ်တစင်းကို ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရေနံတင်သင်္ဘောတွေဟာ သတိပေးချက်တွေကို လျစ်လျူရှုပြီး မိုင်းထောင်ထားတဲ့ လမ်းကြောင်းကနေ ဖြတ်သန်းဖို့ ကြိုးစားခဲ့တာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အတည်ပြုပါတယ်
အမေရိကန်ရဲ့ ဖြတ်သန်းခ ကောက်ခံမဲ့အပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ် အာရက်ချီက အီရန်ဟာ ရေလက်ကြားရဲ့ အစောင့်အကြပ်အဖြစ် ထာဝရရပ်တည်သွားမှာဖြစ်ပြီး ၂၀ ရာခိုင်နှုန်းကတော့ များလွန်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။










