
ထိုင်းနိုင်ငံ ဘန်ကောက် ခလောင်းဆမ်ဝါးနယ်မြေရှိ ဆာဖာရီဝေါလ်တိရစ္ဆာန်ရုံမှာ စက်တင်ဘာ ၁၀ ရက်မနက်က ခြင်္သေ့ ၄-၅ ကောင်က အထိန်းသမားကို ပြန်ပြီးကိုက်ဖြတ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
တိရစ္ဆာန်ရုံ ဝန်ထမ်းတယောက်ဟာ ဒီနေ့မနက် ၁၁ နာရီခွဲလောက်က ခြင်္သေ့ပြကွင်းထဲကို ကား နဲ့ဝင်လာတယ်၊ သူဟာ ကားပေါ်ကနေဆင်းပြီး တံခါးကို မျက်နှာမူ ရပ်နေစဉ် ခြင်္သေ့တကောင်က အနောက်ကနေ ခုန်အုပ်ပြီး ဆွဲချလိုက်တယ၊ အဲဒီနောက် အခြားခြင်္သေ့ ၄-၅ ကောင်လောက်လည်း တဖြည်းဖြည်းဝင်လာပြီး သူ့ကို ဝိုင်းဆွဲကြတယ်၊ အဆိုပါဖြစ်ရပ်ဟာ ၂၀၀ မီတာအကွာရှိ ဧည့်သည်တွေရှေ့မှာတင် ဖြစ်ပွားခဲ့ပြီး ဧည့်သည်တွေကတော့ ပထမပိုင်းမှာ ပြကွက်တခုလို့ ထင်ပေမဲ့ နာကျင်စွာ အော်ဟစ်သံထွက်ပေါ်လာတဲ့နောက် ဟွန်းသံတွေပေးပြီး အကူအညီတောင်းခဲ့တယ်၊ အဲဒီနောက် တိရစ္ဆာန်ရုံထဲက အခြားဝန်ထမ်းတွေ ရောက်လာပြီး ခြင်္သေ့တွေကို မောင်းထုတ်ကာ သူ့ကို ခေါ်ထုတ်သွားကြတယ်လို့ မော်ထဝပ်ချိုင်း ဆိုသူက သတင်းထောက်တွေကို ပြောပါတယ်။
အသက် ၅၈ နှစ်ရွယ်ရှိ ခွန်ကျိန်းဟာ အဆိုပါတိရစ္ဆာန်ရုံမှာ အန္တရာယ်ရှိ ကျားရဲတိရစ္ဆာန်တွေ ထိန်းကျောင်းနေသူ ဖြစ်တယ်၊ စူပါဘိုက်စာ ကျွမ်းကျင်ဝန်ထမ်းအနေနဲ့ လုပ်သက် ၃၀ ကျော်ရှိပြီး ပင်စင်သွားဖို့ နောက်ထပ် ၂ နှစ်သာ ကျန်တော့တယ်။ သူဟာ အနေအေးဆေးပြီး တိရစ္ဆာန်ချစ်တတ်သူဖြစ်တယ်။ ကျားနဲ့ ခြင်္သေ့တွေကို ထိန်းကျောင်းရတယ်၊ လုပ်သက်ကာလအတွင်း ဘာပြဿနာမှ မရှိခဲ့ဘူ၊ တာဝန်ကျေပွန်လို့ အတိုင်အတောခံရတာမရှိဘူး၊ ဘာကြောင့် ဒီလိုဖြစ်သွားရသလဲဆိုတာ စဉ်းစားမရဘူးလို့ တိရစ္ဆာန်ရုံမန်နေဂျာ ခွန်ယုဒ်ထနား ဖိထတ်ထား က ပြောပါတယ် ။
တိရစ္ဆာန်ရုံ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး စည်းကမ်းချက်တွေထဲမှာ ခြင်္သေ့ ပြကွင်းထဲဝင်ရင် ဧည့်သည်ရော ဝန်ထမ်းပါ ကားပေါ်က မဆင်းရ၊ အရက်မသောက်ရ၊ ဝန်ထမ်း နှစ်ယောက်အတူသွားရမယ်လို့ ပါရှိတယ်၊ ဒါပေမဲ့ ခွန်ကျန်းက တယောက်တည်း ဘာကြောင့် ကားပေါ်က ဆင်းလာလဲ မသိဘူးလို့ ပြောပါတယ်။
ဆေးရုံက သူ့ရဲ့အလောင်းကို မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးနေပြီး ဇနီးဖြစ်သူကတော့ ခင်ပွန်းဖြစ်သူဟာ အရက်သေစာ သောက်စားခြင်းမရှိ၊ မိသားစုတွင်း စိတ်ညစ်စရာ စိတ်ဖိစီးစရာ တစုံတရာမရှိ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာမရှိ၊ ဇနီးနဲ့ သားသမီးတွေကို အဓိက လုပ်ကျွေးနေတဲ့ အိမ်ထောင်ဦးစီး ဖြစ်တာကြောင့် ထိုက်သင့်တဲ့ နစ်နာကြေးတွေ လိုလားကြောင်း ပြောသွားပါတယ်။
နယ်မြေခံ ရဲတပ်ဖွဲ့ကလည်း ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးနေပြီး အဆိုပါတိရစ္ဆာန်ရုံကိုတော့ ယာယီပိတ်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source : Dailynews / MGRonline











