နယူးယောက်မြို့က ကုလသမဂ္ဂ (UN) ဌာနချုပ် အပြင်ဘက်မှာ ဇူလိုင် ၂ ရက်က တိဘက် လွတ်လပ်ရေးအတွက် တောင်းဆိုတဲ့အနေနဲ့ တိဘက်တက်ကြွလှုပ်ရှားသူတယောက် သူ့ကိုယ်သူ မီးရှို့ဆန္ဒပြပြီး သေဆုံးသွားပါတယ်။
ရဲတပ်ဖွဲ့ဟာ ညနေ ၆ နာရီခွဲလောက်မှာ အရေးပေါ်ဖုန်းခေါ်ဆိုမှုကြောင့် ရောက်သွားချိန်မှာ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေရထားတဲ့ အဲဒီအမျိုးသားကို တွေ့ခဲ့ရပြီး ဘဲလ်ဗျူးဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ သေဆုံးသွားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။
ပြည်ပရောက် တိဘက်မီဒီယာ Voice of Tibet က အဲဒီအမျိုးသားဟာ တိဘက် တက်ကြွလှုပ်ရှားသူ လော့ဘ်ဂါ ရန်းဇန် ဖြစ်ကြောင်း အတည်ပြုထားပြီး သူဟာ တိဘက်လွတ်လပ်ရေးနဲ့ ညီညွတ်ရေးအတွက် အွန်လိုင်းကနေ တိုက်ရိုက် (Live) ထုတ်လွှင့် တောင်းဆိုခဲ့ပြီးနောက် အခုလို သူ့ကိုယ်သူ မီးရှို့ဆန္ဒပြခဲ့တာလို့ သတင်းထုတ်ပါတယ်။
အူဘာ တက္ကစီမောင်းတဲ့ ရန်းဇန်ဟာ အခင်းဖြစ်နေရာကို တိဘက်အလံတခုနဲ့အတူ သွားခဲ့တာ ဖြစ်ပြီး သူဟာ "တရုတ်အစိုးရက သူ့ရဲ့ တိဘက်လူမျိုးတွေအပေါ် ကန့်သတ်ချက်တွေ တိုးမြှင့်ပိတ်ပင်လာတာကို ဒေါသထွက်နေခဲ့တာ" လို့ သူ့ကိုသိကျွမ်းတဲ့ လုပ်ဖော်ကိုင်ဖက် အူဘာမောင်းသမား လော့ဘ်ဆန်း ပါလ်ဂျောက အေအမ် နယူးယော့ခ် သတင်းဝက်ဘ်ဆိုက်ကို ပြောပါတယ်။
ရန်းဇန်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်က ဗီဒီယိုမှတ်တမ်းမှာ သူဟာ တိဘက်အလံကိုကိုင်ပြီး လမ်းကို ဖြတ်လျှောက်သွားခဲ့ပြီးနောက် သူ့ကိုယ်သူ မီးရှို့ခဲ့တာကို တွေ့ရပြီး အဲဒီနောက် အရေးပေါ် ကယ်ဆယ်ရေးသမားတွေ ရောက်လာပြီး ကူညီပေးခဲ့ကြပါတယ်။
ဒီအပတ်ထဲမှာ တရုတ်နိုင်ငံရဲ့ "လူမျိုးစုစည်းလုံးညီညွတ်ရေး ဥပဒေသစ်" စတင်အသက်ဝင်လာလို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) တို့က စိုးရိမ်နေကြပါတယ်။
ဒီဥပဒေက တရုတ်အစိုးရကို နိုင်ငံပြင်ပက လူတွေကိုပါ အရေးယူပိုင်ခွင့် ပေးထားတာပါ။ ဒါ့အပြင် တရုတ်ရဲ့ အုပ်ချုပ်မှုကို မကျေနပ်ကြတဲ့ တိဘက်နဲ့ ဝီဂါတွေ အပါအဝင် တိုင်းရင်းသားလူနည်းစု ၅၅ စုစလုံးကို "တရုတ်နိုင်ငံသား" ဆိုတဲ့ ဘုံလက္ခဏာတခုတည်းအောက် သွတ်သွင်းဖို့ ရည်ရွယ်ထားတာကို ကမ္ဘာတဝန်း တိဘက်လူမျိုးတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေပါတယ်။
ပေကျင်းအစိုးရရဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့အနေနဲ့ တိဘက်လူမျိုးတွေ အခုလို ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြတာမျိုး အရင်ကလည်း ရှိခဲ့ဖူးပါတယ်။
တရုတ်ကတော့ ၁၉၅၀ ပြည့်နှစ်မှာ တိဘက်ကို သိမ်းပိုက်ခဲ့တာကို ပဒေသရာဇ် ကျွန်စနစ်ကနေ "ငြိမ်းချမ်းစွာ လွတ်မြောက်အောင်" လုပ်ပေးခဲ့တာလို့ ပြောပေမဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ပြည်ပရောက် တိဘက်တွေကတော့ ဒါဟာ ဖိနှိပ်ချုပ်ချယ်တဲ့ အုပ်ချုပ်မှုဆိုပြီး အမြဲပြစ်တင်ရှုတ်ချနေကြတာပါ။ တရုတ်ကတော့ ဒါကို ငြင်းပယ်ပါတယ်။
တရုတ်နိုင်ငံမှာ တိုင်းရင်းသားအရေးက အရမ်းထိခိုက်လွယ်တာမို့ တိဘက်နဲ့ တခြားလူနည်းစုတွေ "ခွဲထွက်ရေး" လုပ်မဲ့ အရိပ်အယောင် ရှိ၊ မရှိကို အပြင်းအထန် စောင့်ကြည့်နေပြီး ၂၀၁၂ ခုနှစ် ရှီကျင့်ဖျင် သမ္မတဖြစ်လာကတည်းက တိဘက်အပေါ် ထိန်းချုပ်မှုတွေကို ပိုပြီး တိုးမြှင့် လုပ်ဆောင်လာခဲ့ပါတယ်။











