DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
စစ်တပ်၏ ဝေါလေဗျူဟာကုန်း  ပိတ်ဆို့ခံထားရပြီး လက်နက်နှင့် ရိက္ခာများ လေကြောင်းက ပို့နေရ
အောင်ခန့်
·
May 13, 2026
Photo: KNLA
Photo: KNLA
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က စစ်တပ်ရဲ့ ဝေါလေဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို လေကြောင်းကနေ ထောက်ပို့နေရတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါလေလမ်းပိုင်းမှာ စစ်တပ်ရဲ့ တခုတည်းကျန်ရှိနေတဲ့ ဝေါလေဗျူဟာကို မတ် ၃၁ ရက်က စတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ကာကင်းစခန်း ၆ ခုထဲက ၄ ခု သိမ်းခံရပြီးနောက် ဝေါလေဗျူဟာနဲ့ ကာကင်းစခန်းတွေ ထပ်မံမကျဖို့ လေကြောင်းကနေ ခုခံကာကွယ်နေရပါတယ်။

ဒါ့အပြင် ဝိုင်းဝန်းပိတ်ဆို့ခံထားရတာကြောင့် လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို လေကြောင်းကနေ ထောက်ပို့နေရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “(ဝေါလေက)အရင်အတိုင်းပဲ ရှိသေးတယ်။ ရတော့ရမှာပါ။ ဒီနေ့တော့ လေကြောင်းမလာဘူး။ မနေ့က ၃ ခေါက်လောက် လာတယ်။ သူတို့ကတော့ ရိက္ခာကို Y12၊ Y8 နဲ့ လာချတာရယ်၊ ဂျက်ဖိုက်တာနဲ့ လာပစ်တာတွေရှိတယ်။ ကိုယ့်ဘက်က အထိအခိုက် ဘာမှ မရှိပါဘူး။ ရမ်းသန်းလိုက်ပစ်တဲ့အခါကျတော့ ဘာမှမဖြစ်ဘူး။ သူတို့ လေထီးနဲ့ချတဲ့ အထုပ်တွေ တခါတလေ စခန်းအပြင်ဘက်ကို ကျလို့ရှိရင် ရတာရှိတယ်။ (ရိက္ခာထုပ်တွေထဲ) အစုံပါပဲ။ ခဲယမ်းကော ရိက္ခာကော ပါတယ်” လို့ ပြောပါတယ်။

ဝေါလေဗျူဟာကို သိမ်းပိုက်နိုင်ဖို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူတွေ ၃၀ ကျော်ရှိတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ဒါကြောင့် အလံဖြူပြပြီး အညံ့ခံလိုက်ရင် အနည်းဆုံးတော့ အသက်ရှင်နိုင်တယ်လို့ ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “ဒီ စကမဘက်ကတော့ လေကြောင်းကနေပြီးတော့ စားနပ်ရိက္ခာတွေ လက်နက်တွေ လာပြီးတော့မှ ပစ်ချပေးရတယ်။ လာကူပေးရတယ် ဆိုတာကိုလည်း ကြားသိရတယ်။ သောက်သုံးရေနဲ့ပတ်သက်ပြီး ဖြတ်တောက်ခံထားရတယ်။ စားနပ်ရိက္ခာ ဖြတ်တောက်ခံထားရတယ်။ ဒါကြောင့် ပင်မကုန်းက စကမ အဖွဲ့အစည်းဝင်တွေ အတွက်ကတော့ ဒါ စိုးရိမ်စရာရှိပါတယ်။ အလံဖြူပြပြီး အညံ့ခံလိုက်မယ် ဆိုရင်တော့ အနည်းဆုံးတော့ အသက်ရှင်တယ်။ တကယ်လို့ သူတို့ဘက်က လိမ္မာမယ်၊ အမြင်မှန်ရမယ် ဆိုရင်တော့ တော်လှန်ရေးတပ်ဖွဲ့တွေကို အလံဖြူထောင်ပြီးတော့မှ အားလုံး အလင်းဝင်လိုက် တာကမှ ပိုပြီးကောင်းလာမယ်လို့ ကျနော်တို့က ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ဧပြီ ၂၇ ရက်က ဝေါလေဗျူဟာမကျရေး စစ်တပ်ဘက်က ဂျက်ဖိုက်တာနဲ့ လေ‌ကြောင်းကနေ မီးလောင်ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ဝေါလေ၊ ထီးသဲလယ် ကျေးရွာက နေအိမ်အလုံး ၃၀ နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်တပ်ဘက်က နေ့ ည လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲ တိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဝေါလေ၊ ထီးသဲလယ် ကျေးရွာ အပါအဝင် အနီးအနားကျေးရွာက ဒေသခံပြည်သူတွေဟာ သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013