
အသက် ၉၄ နှစ်အရွယ် မီဒီယာလုပ်ငန်းရှင်ကြီး ရူးပတ် မားဒေါ့ခ်ရဲ့ အမွေဆက်ခံခွင့်နဲ့ ပတ်သက်ပြီး နှစ်နဲ့ချီအောင် ကာလကြာရှည် အငြင်းပွားနေမှုဟာ သဘောတူညီချက်နဲ့အတူ အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါဟာ ရူးပတ်ရဲ့ သားသမီး ၆ ယောက်ထဲမှာ အကြီးဆုံး ၄ ယောက်က မိသားစုပိုင်လုပ်ငန်းတွေရဲ့ အမွေဆက်ခံပိုင်ခွင့်ကို တရားရေးနည်းလမ်းနဲ့ ဖြေရှင်းခဲ့ကြပြီးနောက် အခုလိုမျိုး သဘောတူညီချက် ရရှိခဲ့တာပါ။
ဒီသဘောတူညီချက်အရ ရူးပတ်ရဲ့ သားတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ လာ့ခ်ကလန် (Lachlan) ကနေ မီဒီယာအင်ပါယာကို ဆက်ပြီး ထိန်းချုပ်ခွင့်ရမှာ ဖြစ်ပါတယ်။
စက်တင်ဘာ ၈ ရက်က မိသားစုရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တခြားမောင်နှမတွေဖြစ်ကြတဲ့ ပရူး မက်ကလော့ဒ် (Prue MacLeod)၊ အဲလိဇဘတ် မားဒေါ့ခ် (Elizabeth Murdoch) နဲ့ ဂျိမ်းစ်မားဒေါ့ခ် (James Murdoch) ကလည်း အမွေဆက်ခံခွင့်ကို ရမှာဖြစ်ပါတယ်။
ဒါကြောင့် နယူးစ်ကော်ပိုရေးရှင်း (News Corp.) ရဲ့ အစုရှယ်ယာ ၁၄ ဒသမ ၂ သန်းနဲ့ ဖောက်စ်ကော်ပိုရေးရှင်း (Fox Corp) ရဲ့ အစုရှယ်ယာ ၁၆ ဒသမ ၉ သန်း ရောင်းချရငွေတွေကို လုပ်ငန်းဦးစီးမယ့် လာ့ခ်ကလန် ကလွဲပြီး အသီးသီး ခွဲဝေရရှိမှာပါ။
အခုလိုမျိုး အကျိုးခံစားခွင့်ရှိမှာ ဖြစ်ပေမဲ့လည်း မိသားစုပိုင် သတင်းစာနဲ့ ရုပ်သံလိုင်း လုပ်ငန်းတွေရဲ့ နိုင်ငံရေးရပ်တည်ချက်အပေါ် လွှမ်းမိုးပိုင်ခွင့်တော့ ဆုံးရှုံးမှာ ဖြစ်ပါတယ်။
လက်ရှိမှာ ဖောက်စ်နဲ့ နယူးစ်ကော်ပိုရေးရှင်း နှစ်ခုစလုံးရဲ့ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ လာ့ခ်ကလန်ဟာ နိုင်ငံရေးအရ ရှေးရိုးစွဲအကျဆုံးသူ ဖြစ်တယ်လို့ ရှုမြင်ထားကြပါတယ်။
တကယ်လို့ ရူးပတ် ကွယ်လွန်သွားခဲ့ရင်တောင် သူပိုင်ဆိုင်တဲ့ ဖောက်စ်နယူးစ်၊ ဝေါလ်စထရိဂျာနယ် နဲ့ နယူးယော့ခ်ပို့စ် စတဲ့ သတင်းမီဒီယာလုပ်ငန်းတွေဟာ ကွန်ဆာဗေးတစ် လမ်းစဉ်အတိုင်း ဆက်သွားမယ်လို့လည်း ဆိုပါတယ်။
အဲဒီနောက် စက်တင်ဘာ ၈ ရက် သဘောတူညီချက်ကနေ “ဥပဒေကြောင်းအရ တရားစွဲဆိုမှုတွေကို နှစ်ဖက် ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့တယ်” ဆိုပြီး ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း ရူးပတ် ကတော့ သူ့မီဒီယာလုပ်ငန်းစုကို အကြီးဆုံးသမီးတွေထက်စာရင် လာ့ခ်ကလန် တယောက်တည်းရဲ့ လက်ထဲသာ ထည့်ပေးချင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရူးပတ်ရဲ့ တတိယဇနီးဖြစ်သူ ဝမ်ဒီ ဒန်း မားဒေါ့ခ် (Wendi Deng Murdoch) နဲ့ ရလာတဲ့ အငယ်ဆုံးသမီး ၂ ယောက်ဟာလည်း အမွေဆက်ခံခွင့်ရမှာ ဖြစ်ပါတယ်။
ရူးပတ်ရဲ့ မီဒီယာအင်ပါယာထဲမှာ ဖောက်စ်နဲ့ နယူးစ် စတဲ့ ကော်ပိုရေးရှင်းကြီး ၂ ခု အဓိကပါဝင်ပြီး အဲဒီလုပ်ငန်းနှစ်ခုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၂၅ ဘီလီယံလောက်ရှိကြောင်း သိရပါတယ်။











