DVB Logo
Home
မြန်မာသတင်း
တယ်လီကွန်းကုမ္ပဏီများက စစ်တပ်၏ ဒစ်ဂျစ်တယ်စစ်ဆင်ရေးကို အားပေးကူညီနေ
DVB
·
September 9, 2025
တယ်လီကွန်းကုမ္ပဏီများက စစ်တပ်၏ ဒစ်ဂျစ်တယ်စစ်ဆင်ရေးကို အားပေးကူညီနေ
Donate to DVB

တရုတ်အစိုးရနဲ့ ဆက်နွှယ်တဲ့ Geedge Networks နဲ့ မြန်မာတယ်လီကွန်းကုမ္ပဏီတွေက စစ်အုပ်စုရဲ့ ဒစ်ဂျစ်တယ် အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေတယ်လို့ Justice For Myanmar  ရဲ့ စက်တင်ဘာ ၉ ရက်ထုတ်ပြန်တဲ့ “ထောက်လှမ်းရေးပိုးလမ်းမ”  အစီရင်ခံစာမှာ ဖော်ပြပါတယ်။

လက်ရှိမှာဆိုရင်လည်း အာဏာသိမ်းစစ်တပ်ဟာ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး တော်လှန်ရေးဘက်တော်သားတွေနဲ့ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ပိုမိုမြင့်တက်လာတယ်လို့ ဒစ်ဂျစ်တယ်လှုပ်ရှားသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

အစီရင်ခံစာအရ၊ တရုတ်အစိုးရနဲ့ ဆက်နွှယ်တဲ့ Geedge Networks က စစ်အုပ်စုအတွက် “တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်” ပုံစံကို မြန်မာနိုင်ငံကို ရောင်းချထားတယ်လို့ ဆိုပါတယ်။

ဒီစနစ်ကြောင့် စစ်အုပ်စုက အင်တာနက်သုံးစွဲသူ ၃၃ ဒသမ ၄ သန်းရဲ့ အွန်လိုင်းအသုံးပြုမှုတွေကို တိုက်ရိုက်ခြေရာခံ၊ ဖမ်းဆီးဖို့ သုံးနိုင်မယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။ ဒါ့အပြင် လူတဦးချင်းအဆင့် ခြေရာခံနိုင်ပြီး တည်နေရာကို အချိန်နဲ့တပြေးညီ ဖော်ထုတ်နိုင်တဲ့ နည်းလမ်းတွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေဟာ  မြန်မာနိုင်ငံက ထွက်ခွာသွားပြီဖြစ်တဲ့ တယ်လီနော  ATOM ၊ မိုင်တဲလ်၊ MPT ၊ အော်ရီဒူး အပါအဝင်  Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နဲ့ China Unicom အစရှိတဲ့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ ၁၃ ခုအထိ ဒီစနစ်အတွက် ပါဝင်ကူညီနေတယ်လို့ အစီရင်ခံစာက အမည်အတိအကျ ဖော်ထုတ်ခဲ့ပါတယ်။

Geedge Networks အနေနဲ့ တရားမဝင်မြန်မာစစ်အုပ်စုထံ ဟာ့ဒ်ဝဲလ်နဲ့ ဆော့ဝဲလ်တွေ ရောင်းချနေတာဟာ အရပ်သားပြည်သူတွေအပေါ် စစ်အုပ်စုက ကျူးလွန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့  သတ်ဖြတ်မှုတွေ အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများတွင် အားပေး ကူညီရာ ရောက်နေတယ်လို့ Justice For Myanmar က ဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Geedge Networks က ရောင်းချ တပ်ဆင်ပေးထားပြီး၊ မြန်မာနိုင်ငံတွင်း အင်တာနက်ဝန်ဆောင်မှု ပေးနေသူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာက မြန်မာနိုင်ငံအတွင်း စစ်အုပ်စုကို ဝေဖန်သူ၊ အမှန်တရားအတွက် ထွက်ဆိုသူမှန်သမျှအတွက် ဖြစ်ဖြစ်၊ လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေကို လက်လှမ်းမီ ကြည့်ရှုနိုင်ဖို့အတွက်ဖြစ်ဖြစ် ဆိုးရွားတဲ့ အန္တရာယ်တွေ ပေးနေတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် Justice For Myanmar က Geedge Networks ရဲ့ ခေါင်းဆောင်မှု တာဝန်ရှိသူတွေကို နိုင်ငံတကာရာဇဝတ်မှုအတွက် စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းထားပြီး၊ နိုင်ငံတကာအနေနဲ့ ချက်ချင်း ပိတ်ဆို့ဒဏ်ခတ်တွေ ချမှတ်ဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013