DVB Logo
Home
နိုင်ငံတကာ
တိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံတွင် အဝါရောင်သတိပေးချက် ထုတ်ပြန်
DVB
·
September 9, 2025
တိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံတွင် အဝါရောင်သတိပေးချက် ထုတ်ပြန်
Donate to DVB

အခုနှစ်ရဲ့ ၁၆ ကြိမ်မြောက် တိုင်ဖွန်းမုန်တိုင်း တာပါဟာ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ကနေ ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ခဲ့လို့ မိုးသက်လေပြင်းတွေအတွက် အဝါရောင်သတိပေးချက်ကို  ဆက်လက်ထုတ်ပြန်ခဲ့ပါတယ်။

တိုင်ဖွန်း တာပါကြောင့် ကွမ်တုံပြည်နယ်၊ ကွမ်းရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ တောင်တရုတ်ပင်လယ်တို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးရွာခဲ့ကာ မနေ့က လေပြင်းတွေ ဆက်တိုက်နိုင်ပေမဲ့ ဒီနေ့တော့ လေတိုက်နှုန်း အားပျော့သွားနိုင်ပါတယ်။

ကွမ်တုံပြည်နယ်မှာ မနေ့က အပြင်းထန်ဆုံး မိုးရွာခဲ့ပြီး ကွမ်းရှီးပြည်နယ်ကတော့ ဒီနေ့ အပြင်းထန်ဆုံး မိုးရွာသွန်းဖွယ်ရှိပါတယ်။

ဒီနေ့မွန်းလွဲပိုင်းအထိ ကွမ်တုံပြည်နယ် အနောက်ပိုင်းနဲ့ တောင်ပိုင်းကမ်းရိုးတန်းဒေသတွေ၊ ကွမ်းရှီးပြည်နယ် အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေ၊ ကွမ်ရှီးအရှေ့တောင်ပိုင်းက တချို့နေရာတွေမှာ မိုးသည်းမယ်လို့ ဗဟိုမိုးလေဝသ စောင့်ကြည့်ရေးဌာနက ခန့်မှန်းထားပါတယ်။

ကျန်စုပြည်နယ် အလယ်ပိုင်းနဲ့ တောင်ပိုင်း၊ အန်းဟွေပြည်နယ်၊ ဟူဘေးပြည်နယ် အရှေ့ပိုင်း၊ ကျဲ့ကျန်းပြည်နယ် အနောက်မြောက်ပိုင်း၊ ကျန်းရှီးပြည်နယ်မြောက်ပိုင်းနဲ့ ဟူနန်ပြည်နယ် တောင်ပိုင်းဒေသတွေမှာ မိုးသည်းနိုင်ပါတယ်။

တရုတ်ရေကြောင်းအာဏာပိုင်တွေက ရေလမ်းတွေ ဘေးကင်းစေဖို့ တိုင်ဖွန်းအတွက် အရေးပေါ် တုံ့ပြန်ချက်တွေ စလုပ်နေပါတယ်။

ကွမ်တုံပြည်နယ် ရှန်းကျန်းရေကြောင်းဘေးကင်းရေး စီမံခန့်ခွဲမှုဌာနက တိုင်ဖွန်းမုန်တိုင်းအတွက် အဆင့် ၂ အရေးပေါ်တုံ့ပြန်မှုကို စတင်ခဲ့ပါတယ်။

မူကြို၊ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေ အားလုံးကို မနေ့က ရှန်ကျန်းမြို့မှာ ပိတ်ထားခဲ့ရပြီး မုန်တိုင်းကြောင့် ရှန်ကျန်းကနေ ကျန့်ကျန်းနဲ့ ကွမ်ကျိုးကနေ မော်မင်မြို့တွေဆီ မီးရထားပြေးဆွဲမှု ရပ်ဆိုင်းခဲ့ရပါတယ်။

လက်ရှိမှာ အပန်းဖြေရေယာဉ်တွေနဲ့ ရွက်လှေတွေ အားလုံး လေပြင်းဒဏ်ကနေ ခိုလှုံဖို့ ဆိပ်ကမ်းကို ပြန်ရောက်လာကြပြီး အန္တရာယ်ရှိတဲ့ ကုန်စည်ရေယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ရေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးရေယာဉ်တွေ အားလုံးကို လုပ်ငန်း ရပ်ဆိုင်းထားလိုက်ပါပြီ။

ကွမ်းရှီးပြည်နယ် ရေကြောင်းဌာနက တိုင်ဖွန်းမုန်တိုင်းအတွက် အဆင့် ၄ ကာကွယ်ရေးကို စတင်လုပ်ဆောင်ခဲ့ပြီး ကမ်းရိုးတန်းစောင့်သင်္ဘော ၁၄ စင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ဆိုက်ကပ်ထားတဲ့ တွန်းသင်္ဘော ၄၄ စင်းတို့ကို စုစည်းရင်း အရေးပေါ်အခြေအနေမှာ ရပ်တည်နေပါတယ်။

ကွမ်းရှီးပြည်နယ် ကမ်းရိုးတန်းကာကွယ်ရေးကို အာရုံစိုက်ဖို့ တောင်တရုတ်ပင်လယ် ကယ်ဆယ်ရေးဗျူရိုက ကျွမ်းကျင် ကယ်ဆယ်ရေးရေယာဉ် ၃ စီးနဲ့လည်း ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။

တရုတ်နိုင်ငံ မိုးလေဝသသတိပေးစနစ်မှာ အရောင် ၄ ခုရှိပြီး အပြင်းထန်ဆုံးသတိပေးချက်က အနီရောင်ပါ။ နောက်မှာ လိမ္မော်၊ အဝါနဲ့ အပြာတို့ အဆင့်ဆင့် ရပ်တည်နေပါတယ်။

အမျိုးသားအရေးပေါ်တုံ့ပြန်မှုစနစ်မှာတော့ အဆင့် ၄ ဆင့်ရှိပြီး အဆင့်တစ်က အမြင့်ဆုံး ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013