
လူမှုကွန်ရက်မှာ အချစ်မျက်ဝန်းသီချင်းနဲ့ Tik Tok ကစားခဲ့တဲ့ မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်က ဘုန်းကြီးတပါးကို စက်တင်ဘာ ၈ ရက် ဒီနေ့ မနက်မှာ မြို့နယ်သံဃနာယက က လူဝတ်လဲပြီး ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ဖမ်းလိုက်တာကောင်းတယ်၊ အတော်အကုသိုလ်များတာ။ တခါတလေ သင်္ကန်းကြီး နဲ့ ကရင် ကနေတာ။ ၇ ရက်နေ့ညက Tik Tok မှာ အချစ်မျက်ဝန်းသီချင်းတင်တော့ သူလိုပဲ အလွမ်းအဆွေးသီချင်းတွေ တင်တဲ့ ဘုန်းကြီးတပါးနဲ့ စကားများပြီး ပွဲဖြစ်လိုက်သေးတယ်။ ဟိုဘုန်းကြီးက မန့်တွေဖျက်သွားလို့ အဲနောက်ပိုင်း အဖမ်းခံရတာပဲ။ လိုင်းပေါ်မှာ အမြဲကတဲ့ ဘုန်းကြီးတပါး ကျန်သေးတယ်” လို့ ပြောပါတယ်။
လူဝတ်လဲဖမ်းဆီးခံရတဲ့ ကိုယ်တော်ရဲ့ အမည်မှာ ဦးသုန္ဒရ (ခ) ကျော်စိုးဦးဖြစ်ပြီး ၂၀၂၁ ခုက စစ်ဘေးရှောင်ရင်း သာသနာဘောင်ဝင်နေတာ ၄ ဝါရပြီလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“လက်ရှိ သူနေတဲ့ကျောင်းမှာပဲ မနေ့ညက လူဝတ်လဲပြီး ဖမ်းလိုက်တာ။ သူ့ဖုန်းမှာ Kyaung Thit Tik Tok account နဲ့အတူ သူတင်ထားတွေ မဖြုတ်ရသေးဘူး။ လတ်တလော သာညှိုးနဲ့အမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။
လတ်တလောမှာ ချမ်းအေးသာစံမြို့နယ်က ဦးသုန္ဒရ (ခ) ကျော်စိုးဦးအား (ပ) ၆၂ /၂၀၂၅၊ ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်နဲ့ သြဂုတ်လအတွင်းကလည်း ပဲခူးနဲ့ မန္တလေးမှာ အယောင်ဆောင်ဘုန်းကြီးတွေကို မြို့နယ် သံဃနာယက နဲ့ သာထိန်းအဖွဲ့တွေက ဖမ်းဆီးလူဝတ်လဲပြီး အရေးယူခဲ့တာလည်း ရှိပါတယ်။










