
ကမ္ဘာ့စတုတ္ထမြောက် စီးပွားရေးအင်အားအကြီးဆုံး ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ရှီဂဲရု အီရှိဘဟာ ရာထူးသက်တမ်း တနှစ်မပြည့်ခင်မှာပဲ နုတ်ထွက်တော့မယ်လို့ စက်တင်ဘာ ၇ ရက်က ကြေညာသွားပါတယ်။
ဒါဟာ အီရှိဘ လက်ထက်မှာ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ် (LDP) ပါတီက အဓိကကျတဲ့ ရွေးကောက်ပွဲနှစ်ခုကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာကြောင့် ဖြစ်ပါတယ်။
၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် အောက်လွှတ်တော် နေရာအများစုကို လက်လွှတ်ခဲ့ရသလို ဇူလိုင်လတုန်းကလည်း အထက်လွှတ်တော်မှာ အလားတူ ဖြစ်ပွားခဲ့ပါတယ်။
ဒါကြောင့် ဆယ်စုနှစ် ၇ ခုစာလောက် ဂျပန်နိုင်ငံကို အုပ်ချုပ်လာခဲ့တဲ့ LDP ပါတီက ခေါင်းဆောင်ပိုင်း အပြောင်းအလဲနဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ဖို့ ဖြစ်လာခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပြည်တွင်းမှာ ရင်ဆိုင်နေရသလို ပြည်ပမှာလည်း တရုတ်နဲ့ တင်းမာမှု မြင့်တက်နေတဲ့အလျောက် ဒေသတွင်း လုံခြုံရေးအပေါ် စိုးရိမ်နေရပြီး မဟာမိတ်ဖြစ်တဲ့ အမေရိကန်နဲ့ပါ ကုန်သွယ်ရေးအရ အငြင်းပွားနေခဲ့တာပါ။
၂၀၂၄ အောက်တိုဘာလမှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ အီရှိဘက ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှု အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမယ်လို့ ကတိပေးခဲ့ပေမဲ့လည်း စီးပွားရေး လေဆန်ကြားမှာ ပြည်သူတွေရဲ့ ယုံကြည်မှုရဖို့ အတွက်တော့ ရုန်းကန်ခဲ့ရပါတယ်။
ဒါ့အပြင် အီရှိဘက သူ့အစိုးရအဖွဲ့ထဲမှာ အမျိုးသမီး ၂ ယောက်သာ တာဝန်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပါတီဝင်တွေကို တန်ဖိုးကြီးလက်ဆောင် ပေးအပ်တာလိုမျိုး အငြင်းပွားစရာဖြစ်ရပ်တွေ ပေါ်ပေါက်လာပြီးနောက် ပြည်သူတွေရဲ့ထောက်ခံမှု ပိုမိုကျဆင်းလာခဲ့ပါတယ်။
တချိန်တည်းမှာ အီရှိဘဟာ သူ ရာထူးကမဆင်းခင်မှာ ဝါရှင်တန်နဲ့ဖြစ်ပွားနေတဲ့ အငြင်းပွားမှုကို ဖြေရှင်းပေးမယ်ဆိုပြီး ကတိပြုထားတဲ့အတိုင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့အပတ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဂျပန်ကားတင်ပို့မှုအပေါ် အခွန် ၂၇ ဒသမ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ စည်းကြပ်မှု လျှော့ချပေးဖို့ရာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အပြန်အလှန်အားဖြင့် ဝါရှင်တန်ရဲ့ စီမံကိန်းတွေမှာ တိုကျိုဘက်က ဒေါ်လာ ၅၅၀ ဘီလီယံကို ရင်းနှီးမြှုပ်နှံပေးရမှာ ဖြစ်ပါတယ်။
အသက် ၆၈ နှစ်အရွယ် လက်ရှိဝန်ကြီးချုပ်က သူ့နေရာဆက်ခံမယ့်သူကို မရွေးချယ်ရသေးခင်အထိ ဆက်ပြီး တာဝန်ယူပေးဖို့ရှိကြောင်း ပြောထားပါတယ်။
ပထမဆုံးအနေနဲ့ LDP ဘက်က အီရှိဘ နေရာမှာ အစားထိုးဖို့အတွက် ပါတီဥက္ကဋ္ဌအသစ် တယောက်ကို ရွေးချယ်တင်မြှောက်ရဦးမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း LDP က အထက်နဲ့အောက် လွှတ်တော်နှစ်ရပ်စလုံးမှာ အမတ်နေရာအများစု ဆုံးရှုံးထားတဲ့အတွက် ပါတီဥက္ကဋ္ဌအနေနဲ့ ဝန်ကြီးချုပ်တာဝန်ကို ချက်ချင်းရယူနိုင်မှာ မဟုတ်ပါဘူး။
Source: Reuters











