
ကမ္ဘာမြေရဲ့ အရိပ်ထဲကို လုံးဝ ဝင်သွားချိန်မှာ လတခုလုံး ရဲရဲနီသွားတဲ့အတွက် “သွေးလ” လို့ ထင်ရှားတဲ့ လအပြည့်ကြတ်မှုဖြစ်စဉ်ကို စက်တင်ဘာ ၇ ရက်က ကမ္ဘာအနှံ့ကနေ မြင်တွေ့ခွင့်ရခဲ့ပါတယ်။
ကမ္ဘာ၊ လနဲ့ နေတို့ တတန်းတည်းဖြစ်ချိန်မှာ လအပြည့်ကြတ်တာဖြစ်ပြီး လကို ပုံမှန်မြင်နေကျ အဖြူရောင်အတိုင်း မမြင်ရတော့ပါဘူး။
လမျက်နှာပြင် နီရဲနေတဲ့ပုံစံ ဖြစ်ရတာကတော့ လကြတ်တဲ့အရိပ်ရဲ့ အပြင်ဘက်အနားစွန်းတဝိုက် နေရောင်ခြည်တွေ ကမ္ဘာ့လေထုကို ဖြတ်သန်းချိန်မှာ စစ်ထုတ်ခံရပြီး အလင်းယိုင်သွားတာကြောင့် ဖြစ်ပါတယ်။
အဲဒီနောက်မှာ လမျက်နှာပြင်ပေါ်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ကျရောက်ပြီး ကြေးနီရောင်လို မှိန်ပျပျ သန်းစေတာ ဖြစ်ပါတယ်။
ဘယ်လောက်အထိ နီရဲမလဲ ဆိုတာကတော့ လေထုညစ်ညမ်းမှု၊ ဖုန်မှုန်မုန်တိုင်း၊ တောမီးလောင်မှု မီးခိုးတွေနဲ့ မီးတောင်ပြာတွေလိုမျိုး လေထုအခြေအနေပေါ်မှာ မူတည်ပြီး ကွာခြားသွားနိုင်ပါတယ်။











