DVB Logo
Home
နိုင်ငံတကာ
ဟွန်ဒိုင်းစက်ရုံကို အမေရိကန်အာဏာပိုင်များ ဝင်ရောက်စီးနင်း၊ ကိုရီးယားလုပ်သား ၃၀၀ ခန့် ဖမ်းဆီးခံရ
DVB
·
September 7, 2025
ဟွန်ဒိုင်းစက်ရုံကို အမေရိကန်အာဏာပိုင်များ ဝင်ရောက်စီးနင်း၊ ကိုရီးယားလုပ်သား ၃၀၀ ခန့် ဖမ်းဆီးခံရ
Donate to DVB

ဂျော်ဂျီယာပြည်နယ်ရှိ ဟွန်ဒိုင်းမော်တော်ကားဘက်ထရီစက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေကို စက်တင်ဘာ ၄ ရက်မှာ အမေရိကန်အာဏာပိုင်တွေက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာကြောင့် အမေရိကန်မှာ အဓိကရင်းနှီးမြှုပ်နှံမှုတခုဖြစ်တဲ့ ကိုရီးယားစက်ရုံမှာ လုပ်ငန်း ရပ်ဆိုင်းသွားခဲ့ပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေရဲ့ ပြောကြားချက်အရ လူပေါင်း ၄၇၅ ယောက် ဖမ်းဆီးခံရတဲ့အထဲ အများစုမှာ တောင်ကိုရီးယား နိုင်ငံသားတွေ ဖြစ်ကြပြီး အယောက် ၃၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်အမိမြေလုံခြုံရေးဌာန (DHS) ရဲ့ သမိုင်းမှာ တနေရာတည်းမှာ အင်အားအများဆုံး သုံးခဲ့ရတဲ့ စစ်ဆင်ရေးဖြစ်ပြီး ဒီစစ်ဆင်ရေးမှာ အရာရှိ ၄၀၀ ကျော် ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စီးနင်းမှုအတွင်း လူအများအပြားက ထွက်ပြေးဖို့ ကြိုးစားခဲ့ကြောင်း အမေရိကန် တရားရေးဌာန (DOJ) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး တချို့တွေကို အဲဒီနေရာရှိ ရေဆိုးထုတ်ကန်ထဲမှ ဖမ်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ဒါမှမဟုတ် ဗီဇာသက်တမ်းလွန်ပြီး အမေရိကန်မှာ အလုပ်လုပ်ခွင့် ပိတ်ပင်ခံရသူတွေ ဖြစ်တယ်လို့ အမိမြေ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။ 

"Operation Low Voltage" လို့ အမည်ပေးထားတဲ့ အဲဒီ စီးနင်းမှုအတွက် စုံစမ်းစစ်ဆေးရေးကို လအတော်ကြာ ပြုလုပ်ခဲ့တယ်လို့ ဂျော်ဂျီယာအတွက် စုံစမ်းစစ်ဆေးမှုတာဝန်ခံ အထူးအေးဂျင့် စတီဗန် ရှရန့်ခ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေကို ဂျော်ဂျီယာရှိ အမေရိကန် အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ (ICE) ရဲ့ ဖှော့ခ်စတန် ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားကြောင်း ရှရန့်ခ်က ပြောဆိုပါတယ်။

ဟွန်ဒိုင်းကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူကတော့ အဖမ်းခံထားရသူတွေထဲမှာ ကုမ္ပဏီက တိုက်ရိုက် အလုပ်ခန့်ထားသူ  တယောက်မှ မပါဝင်ကြောင်း ပြောပါတယ်။

သောကြာနေ့မှာ ဟွန်ဒိုင်း ကုမ္ပဏီရဲ့ ရှယ်ယာတွေဟာ ၀ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားပြီး LGES ရှယ်ယာတွေက ၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီစီးနင်းမှုနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရကြောင်းနဲ့ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်ဟာ ဟွန်ဒိုင်း မော်တော်ကားဘက်ထရီစက်ရုံကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးက ဝင်ရောက်စီးနင်းမှုအတွင်း သူ့နိုင်ငံသားတွေ ရာနဲ့ချီပြီး ဖမ်းဆီးခံရတာကို တုံ့ပြန်ဖို့အတွက် အစွမ်းကုန်ကြိုးပမ်းဖို့ အမိန့်ထုတ်ခဲ့တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟျွန်းက ပြောပါတယ်။

အစိုးရဟာ ဒီဖြစ်ရပ်ကို တုံ့ပြန်ဆောင်ရွက်ဖို့အတွက် အဖွဲ့ ဖွဲ့ထားပြီး လိုအပ်ပါက သူ့အနေနဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ဝါရှင်တန်ကို သွားရောက်မယ်လို့လည်း ဆိုပါတယ်။ 

အိမ်ဖြူတော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ပိုမိုဝင်ရောက်လာစေဖို့ တိုက်တွန်းထားပေမဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ကတော့ ရွှေ့ပြောင်းအခြေချသူတွေကို နှိမ်နင်းမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပြီး နိုင်ငံတဝန်း စီးပွားရေးလုပ်ငန်းတွေကို အနှောင့်အယှက်ပေးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013