
ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်နေ့ကစပြီး KNLA ပူးပေါင်းအဖွဲ့က စစ်ရေးအခြေအနေအရ ရေဖြူမြို့နယ်ထဲက မိုင် ၆၀ နဲ့ သာယာမွန်ကျေးရွာတွေအနီး ယာယီပိတ်ထားတဲ့ ရေး-ထားဝယ်ကားလမ်းကို စင်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းမှာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ကုန်တင်ယာဥ်မောင်းတွေဆီက သိရပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့က သာယာမွန်ကျေးရွာအနီး ရေး-ထားဝယ်ကားလမ်းပေါ် သစ်ပင်ကန့်လှန်ဖြတ်ကာပြီး ပိတ်ထားတာကို မနေ့က မွန်းလွဲ ၂ နာရီလောက် ပြန်ဖွင့်ပေးလိုက်တယ်လို့ ကုန်တင်ယာဥ်မောင်းတယောက်က ပြောပါတယ်။
“စစ်ရေးအခြေအနေကြောင့်ဆိုပြီး လမ်းကိုသစ်ပင်နဲ့ ကန့်လန့်ဖြတ်ပိတ်ထားတာ။ ကားပေါ်တင်လာတဲ့ ကုန်စိမ်းတွေလည်း အကုန်ပုပ်ကုန်လို့ ပစ်ချထားရတယ်။ ၁၀ ရက်လောက် ပိတ်မိနေတော့ ကားသမားတွေလည်း အခက်ခဲရှိလာလို့ ကုန်သည်တွေ သွားဆွေးနွေးပြီး ပြန်ဖွင့်ပေးခဲ့တာပါ။”
သာယာမွန်ကျေးရွာအနီး ရေး-ထားဝယ်ကားလမ်းကို ၁၀ ရက်ခန့် လမ်းပိတ်ထားတာကြောင့် ကုန်သည်တွေအနေနဲ့ သိန်းထောင်ချီဆုံးရှုံးမှုရှိနိုင်ကြောင်းနဲ့ လမ်းပိတ်ထားတဲ့နေရာအတွင်း နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကုန်တင်ယာဥ်မောင်းတွေဆီက သိရပါတယ်။
ရေဖြူမြို့နယ်ထဲက မိုင် ၆၀ နဲ့ သာယာမွန်ကျေးရွာအနီးရှိ ရေး-ထားဝယ်ကားလမ်းပိုင်းကို ၁၀ ရက်ကြာခန့် လမ်းပိတ်ထားတာကြောင့် ကားအစီးရေ ၅၀၀ ခန့်ပိတ်မိခဲ့သလို လမ်းပိတ်ထားတဲ့နေရာမှ ရှောင်ကွင်းသွားခဲ့တဲ့ ဒေသခံ မိသားစု ၃ ယောက်လည်း မိုင်းထိပြီး ကလေးငယ်တယောက် သေဆုံးခဲ့သေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “လမ်းပိတ်ထားတော့ ကားတွေ အစီး ၅၀၀ လောက် ပိတ်နေတာပေါ့။ ကားလမ်းဘေးမှာလည်း ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ မုန်ညှင်းနဲ့ သားငါးတွေ ပုပ်လို့ စွန့်ပစ်ထားကြတာ မနည်းဘူး။ စက်တင်ဘာလ ၁ ရက်နေ့ကလည်း မိသားစု ၃ ယောက် ဆိုင်ကယ်နဲ့ စျေးထွက်ဝယ်ဖို့ လမ်းရှောင်သွားရာကနေ မိုင်းထိပြီး ကလေးတယောက်သေသွားတယ်” လို့ DVB ကိုပြောပါတယ်။
ဒါ့အပြင် လမ်းပိတ်ထားတာကြောင့် ရန်ကုန်ဘက်မှကုန်စည်တွေ မရောက်လာတဲ့အတွက် ထားဝယ်မြို့မှာ ကုန်ဈေးနှုန်းမြင့်တက်ပြီး ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။










