
မြန်မာပြည်တွင်းမှာ အိမ်နီချင်း တရုတ်နိုင်ငံသားတွေအတွက် အိမ်ထောင်ဖက်ရှာပေးသူတွေနဲ့ ဇနီးမယားအဖြစ် ရောင်းစားနေသူတွေ ပိုများလာတာကြောင့် ဖော်ထုတ်အရေးယူနေတယ်လို့ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမမှာ စက်တင်ဘာ ၄ ရက်က ပြုလုပ်တဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ပြောဆိုခဲ့တာပါ။
“ပြောင်းလဲလာတဲ့ လူကုန်ကူးမှုပုံစံများအရ အိမ်နီးချင်းနိုင်ငံတွေက လူငယ်များသည် နိုင်ငံသို့ဝင် ရောက်လာပြီး ချစ်ကြိုက်၍မဟုတ်ဘဲ မြန်မာအမျိုးသမီးများကို လူကုန်ကူးရန်အတွက် လက်ထပ်ထိမ်းမြားပြီး ပြန်ရောင်းစားနေသည့်အတွက် အိမ်ထောင်ဖက်ရှာပေးသူနဲ့ ဇနီးမယားအဖြစ် ရောင်းစားနေသူတွေကို ဖော်ထုတ်အရေးယူနေတယ်။”
မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံသားတွေရဲ့ အိမ်ထောင်ဖက်ရှာဖွေမှုတွေဟာ အရမ်းဆိုးဝါးပြီး မသိနားမလည်တဲ့ ကျူးကျော်ရပ်ကွက်တွေနဲ့ ပညာရေးအားနည်းသူတွေကို ပစ်မှတ်ထားကြောင်း ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။
“ဆူးလေမှာ အိမ်ထောင်ဖက်ရှာတဲ့ စာရွက်စာရွက်လိုက်ပေးတယ်။ အစက ကြော်ငြာထင်လို့။ မဟုတ်ဘူး အိမ်ထောင်ဖက်ရှာတဲ့စာရွက် မယူဘူး ဆိုတာ မရဘူး။ မယူတော့ ဖုန်းနံပါတ် အတင်းတောင်းတယ်။ စကားပြန်ကလည်း ဘာမှမပြောဘူး ငါ့မှာယောကျ်ားရှိတဲ့ဟဲ့လို့ အော်ပြောမှထွက်သွားတယ်။ မြန်မာနိုင်ငံမှာ တရုတ်က အခွင့်ထူးခံတွေလိုဖြစ်နေတာ။”
ပြည်တွင်းကိုရောက်လာတဲ့ တရုတ်လူမျိုးတွေက မြန်မာအမျိုးသမီးတွေကို ဇနီးမယားအဖြစ် စည်းရုံးခေါ်ဆောင်ပြီး ရောင်းစားနေလို့ သတိထားဖို့ စစ်ကောင်စီခန့် ပြည်ထဲရေး ဒုဝန်ကြီးက ပြီးခဲ့တဲ့လက အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
၂၀၂၄ နဲ့ ၂၀၂၅ ဇွန်လအတွင်း လူကုန်ကူး ၆၇ မှု စစ်ကောင်စီခန့်ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပြီး အဲဒီ ၆၇ မှုထဲမှာ တရုတ်နိုင်ငံ ၄၈ မှု၊ ပြည်တွင်းက ၁၇ မှု၊ လာအိုနိုင်ငံ ၁ မှု နဲ့ ကမ္ဘောဒီးယား ၁ မှု ရှိပါတယ်။ ရောင်းစားခံရတဲ့ အမျိုးသမီးတွေကို အဓမ္မလက်ထပ်ခိုင်းတာ၊ ပြည့်တန်ဆာအဖြစ် ခိုင်းတာနဲ့ အငှားကိုယ်ဝန်ဆောင်ခိုင်းတာတွေရှိတယ်လို့လည်း သိရပါတယ်။










