DVB Logo
Home
နိုင်ငံတကာ
ဂါဇာကလေးငယ်အကြောင်းရိုက်ကူးထားသည့်ရုပ်ရှင်  ဗင်းနစ်ရုပ်ရှင်ပွဲတော်၌ ဂုဏ်ပြုခံရ
DVB
·
September 6, 2025
ဂါဇာကလေးငယ်အကြောင်းရိုက်ကူးထားသည့်ရုပ်ရှင်  ဗင်းနစ်ရုပ်ရှင်ပွဲတော်၌ ဂုဏ်ပြုခံရ
Donate to DVB

ဗင်းနစ် ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့တဲ့ “The Voice of Hind Rajab” ဇာတ်ကားဟာ စံချိန်တင် ၂၃ မိနစ်ကြာ မတ်တပ်ရပ် လက်ခုပ်တီးရင်း ဂုဏ်ပြုခံရကြောင်း သိရပါတယ်။

ဒီရုပ်ရှင်က အသက်ရှင်ကျန်ရစ်နိုင်ဖို့ အကူအညီတောင်းခံခဲ့တဲ့ အသက် ၅ နှစ်အရွယ် ဂါဇာဒေသခံ ကလေးတယောက်ရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။

“ဟင့်ဒ် ရာဂျပ်ဘ်ရဲ့ အသံ (The Voice of Hind Rajab)” ဆိုတဲ့ ဇာတ်ကားကို တူနီးရှားနိုင်ငံသူ ဒါရိုက်တာ ကောင်းသားဘန်ဟန်နီယာက ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဲဒီနောက် အမျိုးသားသရုပ်ဆောင် မူတက်ဇ် မယ်လ်ဟီးစ်ကလည်း ကလေးငယ်ရဲ့ ဓာတ်ပုံနဲ့ ပါလက်စတိုင်းအလံကို ကိုင်ဆောင်ရင်း မျက်ရည်တွေဝဲနေခဲ့တာ တွေ့ရပါတယ်။

တချိန်တည်းမှာ “ပါလက်စတိုင်း လွတ်မြောက်ပါစေ” ဆိုတဲ့ ကြွေးကြော်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့အလျောက် အခုနှစ်အတွက် ပရိသတ်ရဲ့  အကြီးမားဆုံး အားပေးမှု ဖြစ်ခဲ့ပါတယ်။

ဒါဟာ ၂၀၂၄ ဇန်နဝါရီလအတွင်း ဂါဇာစီးတီးမြို့မှာ ပျက်စီးနေတဲ့ကားထဲ ပိတ်မိပြီး ကူကယ်ရာမဲ့နေခဲ့တဲ့ လူမမယ်ကလေးရဲ့ နောက်ဆုံးဖုန်းခေါ်ဆိုမှုအပေါ် ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

ဟင့်ဒ် ရာဂျပ်ဘ်က ဆွေမျိုးတွေရဲ့ ရုပ်အလောင်းကြား ထိုင်ခုံအောက်မှာ ပုန်းအောင်းနေခဲ့ရပြီး ပါလက်စတိုင်း ကြက်ခြေနီအဖွဲ့ကိုတော့ ဖုန်းနဲ့ ဆက်သွယ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း တယောက်တည်းသော အသက်ရှင် ကျန်ရစ်သူ ကလေးငယ်အပါအဝင် ကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုပါ အစ္စရေးတပ်ဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဟင့်ဒ်ရဲ့ စိတ်နှလုံးကြေကွဲဖွယ်ရာ ဖုန်းအသံဖိုင်အစစ်တွေကို ရုပ်ရှင်ထဲမှာ အသုံးပြုထားပြီး သရုပ်ဆောင်တွေကတော့ လခြမ်းနီအဖွဲ့ဝင်အနေနဲ့ ပါဝင်ထားကြပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အစ္စရေးစစ်တပ်ဘက်က တာဝန်ခံပြောဆိုတာမျိုး မရှိပေမဲ့လည်း နောက်ပိုင်းမှာတော့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ တုံ့ပြန်ထားပါတယ်။

အမျိုးသမီးသရုပ်ဆောင် ဆာဂျာ ကီလာနီကလည်း “ဟင့်ဒ်ရဲ့ဇာတ်လမ်းဟာ သူ့တယောက်တည်းအကြောင်း မဟုတ်ပါဘူး။ လူမျိုးတခုလုံးရဲ့ ဝန်ကိုပါ ထမ်းထားရတာပါ။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဂါဇာမှာ အသက်ဆုံးရှုံးခဲ့တဲ့ ကလေးဦးရေ ၁၉,၀၀၀ ရဲ့ အသံတသံ ဖြစ်ပါတယ်” လို့ မှတ်ချက်ပြုပါတယ်။

ဟင့်ဒ်ရဲ့ မိခင်ဖြစ်သူ ဝစ်ဆမ် ဟာမာဒါကတော့ ရုပ်ရှင်ကို စစ်ပွဲအဆုံးသတ်ရေးအတွက် အထောက်အကူဖြစ်ဖို့ရာ မျှော်လင့်တဲ့အကြောင်း ပြောကြားပါတယ်။

“တကမ္ဘာလုံးက ကျမတို့ကို အသက်ဆုံးရှုံးအောင်၊ အငတ်ဘေးဆိုက်အောင်၊ အကြောက်တရားနဲ့ နေရအောင်၊ အတင်းအကျပ် ရွှေ့ပြောင်းခံရအောင် ပစ်ပယ်ခဲ့ကြတယ်” လို့လည်း ဖြည့်စွက်ပြောပါတယ်။

အထူးပြပွဲကို ဟွာကင်ဖီးနစ်နဲ့ ရွန်းနီးမာရာစတဲ့ နာမည်ကြီး ဟောလိ၀ုဒ် သရုပ်ဆောင်တွေ တက်ရောက်ခဲ့သလို သူတို့နဲ့အတူ ဘရတ်ဒ်ပစ်ကလည်း အမှုဆောင်ထုတ်လုပ်သူအဖြစ် ပါဝင်ထားပါတယ်။

“The Voice of Hind Rajab” ရုပ်ရှင်ဟာ ဗင်းနစ်နဲ့ အော်စကာဆုပေးပွဲမှာပါ အကောင်းဆုံး နိုင်ငံတကာဇာတ်လမ်းတို Feature Film အမျိုးအစားအတွက် တစ်ပြေးနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013