
ဂန္ထဝင်လက်ဝှေ့သမားတွေဖြစ်တဲ့ မိုက်တိုင်ဆန်နဲ့ မေဝဲသာတို့ဟာ ၂၀၂၆ ခုနှစ် နွေရာသီမှာ သရုပ်ပြပွဲ ထိုးသတ်မယ်လို့ ကြေညာထားပါတယ်။
ဒီသရုပ်ပြပွဲကို CSI Sports နဲ့ Fight Sports တို့က စီစဉ်တာဖြစ်ပြီး ထိုးသတ်မယ့်နေ့ အတိအကျနဲ့ နေရာတို့ကိုတော့ အတည်မပြုရသေးပါဘူး။
အသက် ၅၉ နှစ်အရွယ်ရှိ သံမဏိ မိုက်တိုင်ဆန်ဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ပွဲ ၅၀ အနိုင်ရထားပြီး ၇ ပွဲ ရှုံးနိမ့်ထားကာ အလဲထိုး ၄၄ ပွဲ ရှိခဲ့ပါတယ်။
၂၂ နှစ်ကြာ လက်ဝှေ့ထိုးသတ်တာကနေ အနားယူခဲ့ပြီးနောက် ပြန်ထိုးသတ်တဲ့ သရုပ်ပြပွဲ ၄ ပွဲမှာ ၃ ပွဲရှုံး၊ ၁ ပွဲ သရေကျခဲ့ပါတယ်။
မိုက်တိုင်ဆန်ဟာ ဂျိတ်ပေါနဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲမှာလည်း ရှုံးနိမ့်ခဲ့ပါတယ်။
မေဝဲလ်သာကတော့ ပွဲ ၅၀ မှာ ပွဲ ၅၀ လုံး အနိုင်ရထားပြီး အလဲထိုး ၂၇ ပွဲ ရှိခဲ့ပါတယ်။ မေဝဲလ်သာဟာ ၂၀၁၇ ခုနှစ် ဩဂုတ်လက မက်ဂရီဂေါနဲ့ပွဲမှာ အနိုင်ရပြီးနောက် လက်ဝှေ့သမားဘဝကနေ အနားယူခဲ့တာပါ။
နောက်ပိုင်းမှာ မေဝဲလ်သာလည်း သရုပ်ပြပွဲ ၄ ပွဲ ထိုးသတ်ထားပြီး ၃ ပွဲနိုင် ၁ ပွဲသရေ ကျထားပါတယ်။
မိုက်တိုင်ဆန်က “CSI က ကျနော့်ဆီလာပြီး မေဝဲလ်သာနဲ့ ထိုးသတ်ဖို့ ပြောခဲ့ပါတယ်။ ကျနော်စဉ်းစားမိတာကတော့ ဒါက မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ မေဝဲလ်သာက လက်ခံခဲ့ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
သရုပ်ပြပွဲတွေဟာ ပြိုင်ပွဲတွေနဲ့ ထိုးသတ်ပုံစည်းကမ်း မတူဘဲ ပြိုင်ဘက်ကို ထိခိုက်မှု ကြီးကြီးမားမားဖြစ်အောင် ထိုးသတ်တာထက် စွမ်းရည်ပြသတဲ့ပွဲ ဖြစ်ပါတယ်။
လက်အိတ်ကိုလည်း သာမန်ထက်ကြီးတဲ့ လက်အိတ်တွေ အသုံးပြုရပြီး ၃ ချီကနေ ၈ ချီအထိ ယှဉ်ပြိုင်တာမျိုး ဖြစ်ပါတယ်။
သရုပ်ပြပွဲတွေရဲ့ အနိုင်အရှုံးရလဒ်ကို စာရင်းသွင်းတာမျိုးမရှိဘဲ ဒိုင်တွေကလည်း ဘယ်သူနိုင်တယ် ရှုံးတယ်၊ သရေကျတယ် ဆိုတာကိုပဲ ထုတ်ပြန်လေ့ရှိတဲ့ ယှဉ်ပြိုင်မှုမျိုး ဖြစ်ပါတယ်။
CSI Sports ဟာ မိုက်တိုင်ဆန်နဲ့ မေဝဲလ်သာတို့ ထိုးသတ်မယ့်နေရာကို လာမယ့်လတွေမှာ ကြေညာသွားမယ်လို့ ပြောထားပါတယ်။
မေဝဲလ်သာက “လက်ဝှေ့ထိုးသတ် နှစ် ၃၀ အတွင်းမှာ ကျနော့်ကို အနိုင်ယူနိုင်ခဲ့တဲ့ လက်ဝှေ့သမားတယောက်မှ မရှိပါဘူး။ ကျနော်လုပ်တဲ့ လုပ်ရပ်တွေက ကြီးကျယ်ပြီး နာမည်ကျန်ခဲ့တာမျိုးပဲ ဖြစ်မယ်ဆိုတာ ပရိသတ်တွေလည်း သိမှာပါ။ ဒီ လက်ဝှေ့စီးပွားရေးလောကမှာ ကျနော်က အကောင်းဆုံးပါပဲ။ ဒီသရုပ်ပြပွဲက ပရိသတ်တွေလိုချင်တာကို ပေးဖို့ပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။
အသက် ၄၈ နှစ်အရွယ်ရှိ မေဝဲလ်သာဟာ စူပါဖယ်သာဝိတ်တန်းကနေ လိုက်မစ်ဒယ်ဝိတ်တန်းအထိ ဝိတ်တန်း ၅ ခုမှာ အဓိက ကမ္ဘာ့ချန်ပီယံဆု ၁၅ ခု ရရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ လက်ဝှေ့သမားဘဝကနေ အနားယူခဲ့တဲ့ မေဝဲလ်သာဟာ သရုပ်ပြပွဲတွေ ထိုးသတ်တဲ့ဘက်ကို ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။
Source: Reuters










