
တောင်အာဖရိကနိုင်ငံ၊ ဂေါင်တင်ပြည်နယ်၊ ဟိုင်ဒယ်လ်ဘာ့ဂ်မြို့က ဂျုံစိုက်ခင်းမှာ လယ်သမားတွေဟာ ပျက်စီးနေတဲ့ မြေဆီလွှာကို ပြန်ပြင်ဖို့၊ သီးနှံအထွက်နှုန်းတိုးတက်စေဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ စွန့်ပစ်သစ်သားကနေ လုပ်ထားတဲ့ အသက်သွင်းကာဗွန် ဇီဝမီးသွေးကို သုံးနေကြပါတယ်။
အစားထိုးစိုက်ပျိုးရေးကုမ္ပဏီ ရီဂျန်နာအိတ်ထ်ရဲ့ ပိုင်ရှင် ကလေတွန်ပို့စ်မာက အကူးအပြောင်းကို ဦးဆောင်သူတွေထဲမှာ ပါဝင်ပါတယ်။
ဓာတုဓာတ်မြေဩဇာကိုသာ အားကိုးမယ့်အစား ပို့စ်မာက သတ္တုဓာတ်ကြွယ်ဝတဲ့ ကျောက်မှုန့်တွေနဲ့ ရောစပ်ထားတဲ့ ဇီဝရုပ်ကြွင်းတွေကို တောင်အာဖရိက တောင်သူတွေဆီ မိတ်ဆက်ပေးခဲ့တာပါ။
ကျနော်တို့က မြေဆီလွှာကို တက်တက်ကြွကြွ ပြန်ပြင်ပြီး လယ်ယာစိုက်ပျိုးရာမှာ လွန်ခဲ့တဲ့ မျိုးဆက်တွေဆီက လုယက်ခံခဲ့ရတဲ့ မြေဆီလွှာဆိုင်ရာ အာဟာရဓာတ်တွေကို ပြန်ဖြည့်ဆည်းပေးနေပါတယ်"လို့ ဖောက်သည်ပိုင်တဲ့ ၁၈၀၀ ဟက်တာကျယ်တဲ့ လယ်ကွင်း အလယ်မှာ ရပ်နေရင်း သူက ပြောပါတယ်။
ဇီဝမီးသွေး ဘိုင်အိုချားကို Adsorb Carbon ကနေ ဂျိုဟန်နာစဘက်မြို့မှာ ထုတ်လုပ်ထားတာပါ။ စွန့်ပစ်သစ်သားပြားတွေကို အောက်ဆီဂျင်မရှိဘဲ အပူချိန်မြင့်တဲ့ ပိုင်ရောလက်စစ် မီးဖိုတွေမှာ ၆၀၀ ဒီဂရီဆဲလ်စီးယပ်စ်ဝန်းကျင်အပူပေးပြီး နောက်ထပ် ၉၀၀ ဒီဂရီ စဲလ်စီးယပ်စ်အထိ ရောက်အောင် ထပ်ပြီး အပူချိန်မြှင့် မီးဖုတ်ထားပါတယ်။
ဘိုင်အိုချားကို မြေဆီလွှာမှာ သုံးတဲ့အခါ မျက်နှာပြင်မှာ အပေါက်တွေ အများကြီးပါတဲ့ ဇီဝမီးသွေးက ကာဗွန်ကို ရာစုနှစ်များစွာကြာအောင် လှောင်ပိတ်ထားတယ်လို့ မန်နေဂျာ ဒယ်ရယ် ဖစ်ဖ်စ်က ပြောပါတယ်။
ဒါဟာ ရာသီဥတုပြောင်းလဲမှုအပေါ် သိသာထင်ရှားတဲ့ အတိုင်းအတာတခု အထိ သက်ရောက်နိုင်တဲ့ ရေရှည်တည်တံ့တဲ့ အလေ့အကျင့်တခုပါလို့ သူက ဆက်ပြောပါတယ်။
သစ်တော ကြီးကြပ်အုပ်ချုပ်မှု ကောင်စီက အသိအမှတ်ပြုထားတဲ့ ပြန်သုံးနိုင်တဲ့ သစ်သားရင်းမြစ်ကနေ လုပ်ထားတဲ့ ဇီဝမီးသွေးတွေကို နေ့စဉ် ထုတ်လုပ်ရာမှာ စက်ရုံလုပ်သားတွေက ကြီးကြပ်ပါတယ်။
Adsorb လုပ်ငန်းဟာ ၂၀၂၄ ခုနှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၇၅၀ လောက်ကို ဖမ်းမိခဲ့ပြီး သူ့ထုတ်ကုန် activated charcoalဟာ ဓာတ်မြေသြဇာ၊ တိရစ္ဆာန်အစာနဲ့ အလှကုန် လုပ်ငန်းတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။
တောင်အာဖရိကနိုင်ငံက activated carbon အများစုက ကျောက်မီးသွေးကို အခြေခံတယ်လို့ Adsorb နဲ့ Cultivating Carbon နှစ်မျိုးလုံးအတွက် အလုပ်လုပ်တဲ့ ဂေဟဗေဒပညာရှင် စတူးအတ် ခရစ္စတီက ပြောပါတယ်။
“ကျနော်တို့က တပတ်ရစ် သစ်သားကိုပဲ သုံးတာပါ။ တချို့နိုင်ငံတွေမှာ ဇီဝမီးသွေးလုပ်ဖို့ ဌာနေသစ်ပင်တွေကို ခုတ်လှဲနေကြတယ်။ အဲဒါမျိုး ကျနော်တို့ မလုပ်ပါဘူး။”
တောင်အာဖရိကရဲ့ မြေဆီလွှာတွေထဲမှာ ပုံမှန်အားဖြင့် အော်ဂဲနစ်ကာဗွန် ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းသာ ပါတယ်လို့လည်းဆိုပါတယ်။
ဇီဝမီးသွေး သုံးပြီး မြေဆီလွှာဟာ ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းအထိ ရေထိန်းနိုင်မှုကိုရော သီးနှံခံနိုင်ရည်ကိုပါ တိုးတက်စေပါတယ်။
လယ်မြေမှာ ဂျုံစိုက်ပျိုးသူ ယာကိုအက်စ်က ဒီနည်းကိုသုံးတာဟာ အထွက်နှုန်းတိုးစေပြီး စိုက်ပျိုးရေးနဲ့ ရာသီဥတုဖောက်ပြန်မှုကြား ကွင်းဆက်ကို ပြီးပြည့်စုံအောင် ကူညီပေးတယ်လို့ ပြောပါတယ်။
Source: Reuters











