
လက်ရှိ ထိုင်းနိုင်ငံရေးအခြေအနေမှာ စစ်တပ်အနေနဲ့ အာဏာသိမ်းမှာမဟုတ်ဘဲ စိတ်ကူးထဲ တောင်မရှိ၊ စစ်တပ်ကအာဏာသိမ်းတာဟာ ခေတ်မမီတော့ဘူးလို့ ထိုင်းအမှတ် ၂ စစ်တိုင်းဒေသ တပ်ရင်းမှူး ဒုဗိုလ်ချုပ်ကြီး ဘွန်းဆင် ဖတ်ကလန် Boonsin Padklang က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က ဘန်ကောက် ထမဆတ်တက္ကသိုလ် ထာ့ဖရကျန်းခန်းမမှာ ကျင်းပသွားတဲ့ “နယ်စပ်ကာကွယ်ရေးနည်းဗျူဟာ နဲ့ အမြင်သဘောထားရပ်တည်ချက်” ဟော ပြောပွဲမှာ တပ်ရင်းမှူးကြီး ဘွန်းဆင်က ပရိသတ်အများစုဖြစ်တဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်း သားတွေကို ပြောသွားတာပါ။
ကျောင်းသားတွေက လက်ရှိထိုင်းနိုင်ငံရေးအခြေအနေမှာ စစ်တပ်က အာဏာသိမ်းဖို့ ရှိပါသလားလို့ မေးမြန်းရာမှာ သူက - အာဏာသိမ်းမလားဆိုတဲ့စကားကို မမေးပါနဲ့။ သူနဲ့ စစ်ဦးစီးချုပ်တို့ဟာ အင်မတန်ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်တယ်၊ အမြဲတမ်းလိုတွေ့ကြတယ်၊ အာဏာသိမ်းမှာ မဟုတ်ဘူး၊ စိတ်ကူးထဲ တောင်မရှိဘူး၊ စစ်တပ်က အာဏာသိမ်းတာဟာ ခေတ်မမီတော့ဘူး၊ အတိတ်ကဖြစ်ခဲ့တာတွေ မတွေးဘဲ ပစ္စုပ္ပန်ထဲမှာ အကောင်းဆုံးဖြစ်အောင်နေကြရမယ်၊ ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် ထမ်းဆောင်ရမယ်၊ ပြည်သူတွေရဲ့ တာဝန်က တိုင်းပြည်အုပ်ချုပ်စီမံရာမှာ ဝန်ကြီးဌာနတွေမှာ လွှတ်တော်ထဲမှာ လူကောင်းလူတော်၊ တိုင်းပြည်နဲ့လူမျိုးကို အမှန်တကယ်ချစ်မြတ်နိုးသူ၊ အနစ်နာခံသူ၊ ရိုးသားဖြောင့်မတ်သူတွေ နေရာရအောင် ဝိုင်းဝန်းရှာဖွေ ရွေးချယ်တင်မြှောက်ပေးရမှာဖြစ်တယ်။ အဲဒီလို အရည်အချင်းရှိ သူတွေဟာချောင်ထဲ မှာရှိမနေသင့်ဘူး၊ အဲဒီလူမျိုးဟာ သင်တို့အသိုက်အဝန်းထဲမှာပဲ ရှိနေတယ်၊ သူတို့တွေ နေရာရအောင် ဝိုင်းဝန်းကူညီရမယ်။ မိမိတိုင်းပြည်ရဲ့ကံကြမ္မာကို အဲဒီလိုလူကောင်းလူတော်တွေအပ်ရမှာဖြစ်တယ်။ ပတ်ဝန်းကျင်အသိုင်းအဝန်း မကောင်းတာဟာ လူကောင်းတွေက အရှုံးပေးလက်လျှော့နေကြလို့ ဖြစ်တယ်လို့ ပြောပါတယ်။
သူဟာ ဒီလကုန်မှာ သက်ပြည့်ပင်စင်သွားတော့မှာဖြစ်တာကြောင့် နိုင်ငံရေးအသိုက်အဝန်းထဲ ဝင်ရောက်မှာလားလို့ မေးမြန်းရာမှာ - မရှိကြောင်း၊ သူဟာ စစ်သားဖြစ်တယ်။ စစ်တပ်က နိုင်ငံရေးထဲ ဝင်မပါရင် သိပ်ကိုတင့်တယ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တယ်။ အခြေခံဥပဒေမအရ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်စောင့်ရှောက်ရမယ်၊ နိုင်ငံရေးကတော့ အစိုးရ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်တယ်။ ဒါပေမဲ့ မှားယွင်းတဲ့အာဏာတွေနဲ့တော့ စစ်တပ် ကိုလာပြီး အမိန့်မပေးပါနဲ့။ သင်သည် စစ်ယူနီဖောင်းနဲ့ တာဝန်ထမ်းဆောင်ချိန် နိုင်ငံရေးကို ဝင်မစွက်ဖက်ရ၊ စစ်တပ်ဟာ နိုင်ငံရေးထဲဝင်ပါရင် နိုင်ငံရေးမှာ တပည့်တယောက်ထပ်တိုးလာမယ်၊ နောက်ထပ်တခိုင်ဖြစ်တဲ့ ပြည်သူတွေက ဘယ်သူ့ကိုသွားပြီးအားကိုးရမလဲ၊ အဲဒီစကားတွေဟာ လက်ရှိ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တိုင်းရဲ့ရင်ထဲမှာ ရှိနေရမယ်၊ တို့ဒီအတိုင်းပဲ သင်ကြားခဲ့ရတယ်။
နိုင်ငံရေးထဲပါမလားဆိုတာကတော့ ကျနော်နိုင်ငံရေးနဲ့ မပတ်သက်ဘူးဆိုတာ အစကတည်းက ပြောခဲ့ပါတယ်။ ပါမလားဆိုပြီး လာကမ်းလှမ်းတာရှိသလားဆိုရင်တော့ ရှိတာပေါ့။ ပါတီ ၅ ခု ၆ ခုလောက်ရှိတယ်။ ဒါပေမဲ့ တော်ပါပြီခင်ဗျာ။ ဒီဘဝမှာ အသက် ၁၀၀ ထိ တိုင်နေရမယ် မထင်ပါဘူး။ အခုအသက် ၆၀ ရှိပြီ။ ဘာထပ်လိုချင်သေးသလဲ၊ ဂုဏ်သိက္ခာရှိရင် တော်ပါပြီ။ တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ပြီး ဂုဏ်သိက္ခာဆိုတဲ့အရာကိုဘဲ မိမိရဲ့ နောင်လာနောက်သားတွေအတွက် ထားခဲ့ချင်ပါတယ်။ ပင်စင်ယူပြီးပေမဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် တတ်နိုင်သလောက် လုပ်ဆောင်သွားမယ။
သူဟာ သွားလေရာနေရာတိုင်း ဘာကြောင့် စစ်ဝတ်စုံအမြဲဝတ်ဆင်ရသလဲဆိုတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း သေဆုံးဒဏ်ရာရ စစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဝတ်တာဖြစ်တယ်၊ သင်တို့သိပါရဲ့လား ပြီးခဲ့တဲ့ ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲမှာ စစ်သည်တွေ ဘယ်လောက်ဆုံးရှုံးခဲ့ကြသလဲ၊ စစ်သည်ပေါင်း ၁၆၆ ဦးထိခိုက်ဒဏ်ရာရတယ်၊ တချို့ဆို ခြေလက်အင်္ဂါတွေ ဆုံးရှုံးတယ်။ ၁၈ ဦး သေဆုံးခဲ့ရတယ်။ ဒဏ်ရာရသူတွေကို သွားပြီးကြည့်ရှုအားပေးရမှာ ဘယ်တော့မှမမောဘူး။ သူတို့တွေက ကိုယ့်ထက်ပိုမောတယ်။ နယ်စပ်ပြဿနာ အတိတ်က ဘယ်လိုတွေရှိခဲ့သလဲဆိုတာထက် လက်ရှိမိမိနိုင်ငံရဲ့ အချုပ်အခြာ နယ်မြေတွေကို အတတ်နိုင်ဆုံးကာကွယ်တယ်။ တဘက်သားကို အနိုင်ကျင့်တာမဟုတ်ဘဲ ဥပဒေအရ မိမိနိုင်ငံကို မိမိကာကွယ်ခြင်းသာဖြစ်တယ်။ ရန်သူဆိုတာ ကမ္ဘောဒီးယားနဲ့ပဲ တော်လောက်ပါပြီး။ ထိုင်းအချင်းချင်း ရန်မဖြစ်ချင်ဘူး။ ဘယ်အရပ် ဘယ်ဒေသက ထိုင်းပဲဖြစ်ဖြစ် တို့အချင်းချင်းတွေပဲဖြစ်တယ်၊ ဒါကြောင့် အမျိုးဘာသာသာသနာ ဘုရင်မင်းမြတ်ကို ဦးထိပ်ပန်ပြီး ဆောင်ရွက်သွားကြဖို့ မှာချင်တယ်လို့ ပြောသွားပါတယ်။
အဆိုပါ ဟောပြောပွဲမှာ အချိန် ၁ နာရီခွဲ ကြာမြင့်ပြီး တက္ကသိုလ်ကျောင်းသူ/သားတွေအတွက် ဟောပြောပေမဲ့ ခန်းမအပြင်ဘက်မှာ ပြည်သူတွေ အမြောက်အမြား လာရောက်ပန်းစည်းဆက်ပြီး နှုတ်ဆက်အားပေးခဲ့ကြပါတယ်။
ဒုဗိုလ်ချုပ်ကြီး ဘွန်းဆင် ဖတ်ကလန် ဟာ ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသဇာတိဖြစ်ပြီး အထက်တန်းကျောင်းအောင်မြင်ကတည်းက ဗိုလ်သင်တန်းကျောင်းတက်ကာ စစ်တပ်ထဲဝင်ရောက်ခဲ့ပါတယ်။ စစ်တပ်မှာ နှစ်ပေါင်း ၃၀ ကျော်အမှုထမ်းခဲ့ပေမဲ့ ဒီ ၂၀၂၅ ခုနှစ် ကမ္ဘောဒီးယားနယ်စပ်အရေးအခင်းမှာမှ လူသိများထင်ရှားလာခဲ့ပါတယ်။
သူဟာ ကမ္ဘောဒီးယား နယ်စပ် ၇ ခရိုင်လုံးရဲ့ လုံခြုံရေးကို အဓိကတာဝန်ယူရတဲ့ အမှတ် ၂ စစ်တိုင်းဒေသရဲ့ တိုင်းမှူးဖြစ်ပြီး ပြတ်သားတဲ့ခံယူချက်၊ ရဲရင့်စွာအမိန့်ပေးဆောင်ရွက်တာကြောင့် ထိုင်းပြည်သူတွေရဲ့ လေးစားမှုခံခဲ့ရပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဖဲထောင်းထန်းရှင်နာဝပ်က ကမ္ဘောဒီးယားအကြီးအကဲ ဟွန်ဆင်နဲ့ အလွတ်သဘောပြောခဲ့တဲ့ အသံဖိုင်မှာ သူ့ကိုခွဲခြားပုတ်ခတ်ပြောဆိုမှုတွေရှိခဲ့ပေမဲ့ ဗွေမယူဘဲ ဝန်ကြီးချုပ်နဲ့ ပုံမှန်ဆက်ဆံ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံသားအချို့က သူ့ကို အောက်လမ်းနည်းတွေနဲ့ ကျရှုံးအောင် အမျိုးမျိုးတိုက်ခိုက်ပေမယ့် သူကတော့ ဘာမှတုံ့ပြန်ခြင်းမရှိဘဲ အေးဆေးပဲလို့ အပြုံးမပျက် ပြန်ပြောခဲ့ပါတယ်။
ကိုးကား – Thai PBS / MCOT News / The Nation











