
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်က အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဖြိုးဝေလင်းက ရပ်ကွက်တွေမှာ လုပ်တဲ့ စမ်းသပ်မဲပေးပွဲတွေကို လူမှုရေးအသင်းအဖွဲ့တွေနဲ့ ကယ်ရီသမားတွေ ဖိအားပေးခေါ်တာကြောင့် မဖြစ်မနေ သွားနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြို့နယ်အတွင်းရှိ ရပ်ကွက်တွေမှာလုပ်တဲ့ စမ်းသပ်မဲပေးပွဲမှာ လူစည်းကားစေဖို့ အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကတဆင့် စာထုတ်ကာ လူတွေကို ခေါ်ယူပြီး အသင်းအဖွဲ့ကစပြီး ကယ်ရီသမားအထိ သွားရတယ်လို့ (င) ရပ်ကွက်မှာ နေသူတယောက်က ပြောပါတယ်။
“စမ်းသပ်မဲပေးတာ။ ဌာနဆိုင်ရာနဲ့ အုပ်ချုပ်ရေးအဖွဲ့တင် မဟုတ်ဘူး။ ရပ်ကွက်ထဲက လူတွေပါ လာခိုင်းတာ။ စစ်တပ်က ဖိအားတော့ မသွားဘဲ မနေရဲဘူး။ နွယ်နီဦးဓမ္မာရုံမှာ လုပ်တဲ့ စမ်းသပ်မဲပေးပွဲဆို ကယ်ရီသမားကအစ သွားရတာ။ မသွားခင် ဆိုင်ကယ် ကယ်ရီဆွဲတဲ့အချိန် ဖမ်းမှာ။”
ဗိုလ်မှူးဖြိုးဝေလင်း လုပ်တဲ့ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်နဲ့ ဝေဘာဂီမြို့သစ်က ရပ်ကွက်တွေမှာ လုပ်တဲ့ စပ်းသပ်မဲပေးပွဲတွေကို အုပ်ချုပ်ရေး၊ အရန်မီးသတ်၊ ကြက်ခြေနီ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ ဂေါပကအဖွဲ့၊ ဆွမ်းလောင်းအသင်း၊ သွေးအလှူရှင်အသင်းတွေအပြင် ဘေးတွဲဆိုင်ကယ်သမားတွေပါ တက်ရတာဖြစ်တယ်လို့ သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ် စီမံအဖွဲ့ဝင် ဗိုလ်မှူးဖြိုးဝေလင်းမှာ နေ့ဘက်မှာ ရွေးကောက်ပွဲ သင်တန်းတွေ စမ်းသပ်မဲပေးပွဲတွေ စီစဥ်နေပေမဲ့ ညဘက်မှာ ရွှေပေါက္ကံစက်မှုဇုန်နဲ့ ဇေကမ္ဘာစက်မှုဇုန်အတွင်း ပေါ်တာဆွဲ ဖမ်းဆီးတာတွေကြောင့် လူသိများလာတယ်လို့ မြိုခံတယောက်က ပြောပါတယ်။
“နေရာရဖို့ဆို ဘာမဆိုလုပ်တဲ့သူ ၇ လပိုင်းက မြောက်ဥက္ကလာကို ပြောင်းလာတာ။ နေ့ဘက်မှာ ရွေးကောက်ပွဲသင်တန်းတွေ ပေးပြီး ညဘက် စက်မှုဇုန်တွေမှာ ပေါ်တာလိုက်ဆွဲလို့ အုပ်ချုပ်ရေးက လူတွေက သူ့ကို ဗိုလ်ဇီးကွက်လို့ အမည်ပြောင်ပေးထားတယ်”လို့ ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီး မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ၁ မှာ အမြောက်တပ်က ဗိုလ်မှူးချမ်းမြေ့ဦး ဖြစ်ပြီး စစ်မှုထမ်း လူစားထိုး ငွေကြေးတောင်းခံတာတွေကြောင့် တိုင်ကြားခံရပြီးနောက် ဇူလိုင် ၁ ရက်မှာ လေတပ်က ဗိုလ်မှူးဝေဖြိုးလင်းကို ခန့်ခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲ ပထမပိုင်းမှာ ရန်ကုန်တိုင်းက ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ အလုံနဲ့ သန်လျင်မြို့နယ်တွေ ပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။











