DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ရှိသူ ၂၂ ဦးကို ဖော်ထုတ်ထားသည့် “ကောင်းကင်ပြိုတဲ့နေ့”  အစီရင်ခံစာထုတ်ပြန်
DVB
·
September 4, 2025
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ရှိသူ ၂၂ ဦးကို ဖော်ထုတ်ထားသည့် “ကောင်းကင်ပြိုတဲ့နေ့”  အစီရင်ခံစာထုတ်ပြန်
Donate to DVB

ကချင်နဲ့ ကရင်နီပြည်နယ်က အရပ်သားတွေနဲ့ အကာအကွယ်ပေးထားတဲ့ နေရာတွေမှာ ပြည်သူတွေ သေဆုံးမှုဖြစ်စေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာအာဏာသိမ်း စစ်တပ်က အရာရှိ ၂၂ ယောက်ရဲ့ အမည်တွေကို ဖော်ထုတ်ထားတဲ့ “ကောင်းကင်ပြိုတဲ့နေ့” ဆိုတဲ့ အစီရင်ခံစာအသစ်ကို အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အစီရင်ခံစာကို စက်တင်ဘာ ၄ ရက် ဒီကနေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှုတွေကို ပိတ်ဆို့ရေးယူဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုလည်း Fortify Rights က တိုက်တွန်းခဲ့ပါတယ်။

ဒီအစီရင်ခံစာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ စာသင်ကျောင်း၊ ဘုရားကျောင်း၊ စစ်ရှောင်စခန်း၊ ဆေးရုံနဲ့ နေအိမ်တွေ၊ အရပ်သားပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အထောက်အထားအသစ်တွေကိုလည်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှုတွေ ပိတ်ဆို့ အရေးယူဖို့ ဖိအာပေးသင့်ကြောင်းနဲ့ လိုအပ်ပါက အရေးယူမှုတွေကို တညီတညွတ်တည်း ဆောင်ရွက်ကြဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အခြေအနေတွေကို လုံခြုရေးကောင်စီက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို လွှဲပြောင်းပေးသင့်‌ကြောင်းလည်း Fortify Rights က တိုက်တွန်းထားပါတယ်။

စာမျက်နှာ ၈၆ မျက်နှာပါဝင်တဲ့ ကောင်းကင်ပြိုတဲ့နေ့ အစီအရင်ခံစာဟာ ကချင်နဲ့ ကရင်နီပြည်နယ်က အသက်ရှင်ကျန်ရစ်သူ ၆၃ ယောက်နဲ့ တွေ့ဆုံမေးမြန်းမှုတွေအပေါ် အခြေခံထားတာလည်း ဖြစ်ပါတယ်။

အစီရင်ခံစာမှာ မှတ်တမ်းတင်ထားတဲ့ ထင်ရှားတဲ့ တိုက်ခိုက်မှုတွေထဲမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကချင်ပြည်နယ် မိုမောက်မြို့နယ် ကုန်းလောကျေးရွာက နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းအတွင်း ခိုလှုံနေတဲ့ စစ်ဘေးရှောင် ၇၀ ကျော်ကို စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၆ ယောက်အပါအဝင် အရပ်သား ၉ ယောက် သေဆုံးခဲ့ရမှု ပါဝင်ပါတယ်။

နောက်ထပ် တိုက်ခိုက်မှုတခုကတော့ ကရင်နီနဲ့ ရှမ်းပြည်နယ် နယ်စပ်ကြားအနီးက ဖယ်ခုံမြို့နယ်မှာရှိတဲ့ ဘန်ကောက် စစ်ရှောင်စခန်းကိုလည်း စစ်တပ်က အကြိမ်ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာ ၅ ရက်မှာတော့ စစ်တပ်ရဲ့ လေယာဉ်တစင်းက စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၆ ယောက်ပါအဝင် စုစပေါင်း ၉ ယောက်‌ သေဆုံးခဲ့ပြီး ၁၉ယောက် ဒဏ်ရာရရှိခဲ့ရပါတယ်။ 

စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေကို အရပ်ဘက်၊ စစ်ဘက် ခွဲခြားခြင်းမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေကြောင်းနဲ့ စစ်ရေးပစ်မှတ် မရှိတဲ့ နေရာတွေဖြစ်တဲ့ ဘာသာရေး အဆောက်အအုံတွေ၊ နေအိမ်တွေနဲ့ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒီလို တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှု မြောက်တယ်လို့လည်း Fortify Rights က ဆိုပါတယ်။

“ဒီရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်စေဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပြင်းပြတဲ့စိတ်ဓာတ်နဲ့ ဆန္ဒတွေကို စုစည်းဆောင်ရွက်ရမှာဖြစ်ပါတယ်” လို့ Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ ကိုစိုင်းအာကာက  ပြောပါတယ်။ “မြန်မာစစ်ကောင်စီကို တာဝန်ယူ တာဝန်ခံစေဖို့အတွက် နည်းလမ်းတွေ ရှိပြီး အခုလက်ရှိမှာ အဲဒီနည်းလမ်းတွေကို အသုံးပြုဖို့ လိုအပ်နေပါပြီ” လို့လည်း သူက ဆိုပါတယ်။

ဒီအစီရင်ခံစာမှာ ဖော်ပြထားတဲ့ တိကျထင်ရှားတဲ့ တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်အုပ်စုက ထိပ်တန်းအရာရှိတွေဖြစ်ကြတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ စစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး  မောင်မောင်အေး တို့အပါအဝင် အရာရှိ ၂၂ ဦးရဲ့ အမည်တွေကို ဖော်ပြထားပြီး တိုက်ခိုက်မှုတွေကို အမိန့်ပေး၊ ခွင့်ပြုခဲ့တဲ့ စစ်ဌာနချုပ် ၈ ခုနဲ့ လေကြောင်းအပြင် လက်နက်ကြီး တိုက်ခိုက်မှုတွေနဲ့ သက်ဆိုင်နေတဲ့ တပ်ရင်း၊ တပ်ဖွဲ့ ၁၂ ခုကိုလည်း ဖော်ထုတ်ထားပါသေးတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့နဲ့ ကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့အတွက် အရေးပေါ် ညှိနှိုင်းဆောင်ရွက်တဲ့ နိုင်ငံတကာရဲ့ လုပ်ဆောင်မှုတွေ ရှိရပါမယ်လို့လည်း Fortify Rights က ဆိုပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့၊ မြန်မာနိုင်ငံအခြေအနေကို ICC တရားရုံးထံ လွှဲပြောင်းပေးဖို့၊ စစ်အုပ်စုကို လေယာဉ်ဆီနဲ့ လက်နက်အထောက်အပံ့တွေ ချက်ချင်းပိတ်ဆို့ဖို့၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို တရားဝင် အသိအမှတ်ပြုထောက်ခံဖို့နဲ့ ထိခိုက်ခံစားခဲ့ရသူတွေ၊ တရားမျှတမှုနဲ့  နေရပ်စွန့်ခွာခဲ့ရသူတွေအတွက် အကာအကွယ်ပေးဖို့ စတာတွေကိုလည်း တိုက်တွန်းထားပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013