
စစ်ကောင်စီရဲ့ လုံခြုံရေး တင်းကျပ်ထားတဲ့ နေပြည်တော် ဝန်ကြီးဌာနရုံးဝင်းတွေမှာ ဆိုင်ကယ်တွေ ခိုးယူခံနေရတယ်လို့ နေပြည်တော်က ဝန်ထမ်းတွေဆီက သိရပါတယ်။
သြဂုတ်လအတွင်းက ဆိုင်ကယ် ၁၀ စီးအထိ အခိုးခံခဲ့ရပြီး အခု စက်တင်ဘာ ၁ ရက်မှာလည်း ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန ဆိုင်ကယ်တစီးကို လည်ကတုံးအဖြူနဲ့ အရာရှိပုံစံလို လူတယောက်က မနက် ၁၀ နာရီကျော်မှာ ခိုးသွားတာလို့ ဝန်ထမ်းတွေက ဆိုပါတယ်။
နေပြည်တော်က ဝန်ထမ်းတယောက်က “ဆိုင်ကယ်တွေ မကြာခဏ အခိုးခံနေရတယ်။ လတ်တလောအနေနဲ့ စက်တင်ဘာလ ၁ ရက်က CCTV မှတ်တမ်းအရ ဝဝတုတ်တုတ်နဲ့ အရာရှိပုံစံလို လူတယောက် ခိုးသွားတာ။ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနလည်း ခိုးခံလိုက်ရတယ်။ ပြီးတော့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဌာနက ဆိုင်ကယ်တွေလည်း ခိုးခံလိုက်ရတယ်လို့ ကြားပါတယ်” လို့ ပြောပါတယ်။
ဝန်ကြီးဌာနရုံးဝင်းအတွင်းမှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေ အခိုးခံနေရတဲ့ကိစ္စနဲ့ပတ်သက်လို့ တိတ်တဆိတ် စုံစမ်းစစ်ဆေးကြဖို့နဲ့ သတင်းမပြန့်စေဖို့ ညွှန်ချုပ်တွေက ဌာနဆိုင်ရာဝန်ထမ်းတွေကို ညွှန်ကြားချက်ပေးထားတယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။
နေပြည်တော်က အုပ်ချုပ်ရေးဝန်ထမ်းတယောက်က “ပစ္စည်းလည်း ဆုံးရှုံးရသေးတယ်၊ ထုတ်ဖော် ပြောဆိုခွင့်လည်း မရပါဘူး။ ခိုးယူခံရတယ် ဆိုတာထက် လူတွေပါ မလုံခြုံတော့ဘဲ အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံနေရတယ်” လို့ ပြောပါတယ်။
ဌာနဆိုင်ရာရုံးဝင်းအတွင်းက ဆိုင်ကယ်တွေ ခိုးယူခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဆီ တင်ပြတိုင်ကြားထားတာရှိပေမဲ့ တရားခံတွေဖမ်းမိတာ၊ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်နိုင်တာ မရှိသေးဘူးလို့ ဝန်ထမ်းတွေက ဆိုပါတယ်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက် သဗ္ဗမင်္ဂလသိဒ္ဓိဘုရားကုန်းပေါ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်ကလည်း အမျိုးသမီးတယောက်ကို သတ်ဖြတ်ပြီး ပစ္စည်းလုယက် ယူဆောင်ကာ အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်ကလည်း နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အဆင့်မြင့်ဈေးကြီးအနီးမှာ လုယက် သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး ရဲက စစ်ဆေးစဉ် ငွေပေးပြီး သတ်ခိုင်းခဲ့တဲ့ လူသတ်မှု ပေါ်ပေါက်ခဲ့သေးတယ်လို့ သိရပါတယ်။










