DVB Logo
Home
နိုင်ငံတကာ
ခန္ဓာအစားထိုးမှုမှသည် ထာဝရအသက်ရှင်သန်ရေး ရှီနှင့် ပူတင်တို့ လမ်းလျှောက်ရင်း ဆွေးနွေး
DVB
·
September 4, 2025
ခန္ဓာအစားထိုးမှုမှသည် ထာဝရအသက်ရှင်သန်ရေး ရှီနှင့် ပူတင်တို့ လမ်းလျှောက်ရင်း ဆွေးနွေး
Donate to DVB

အသက်ရှည်ဖို့ နည်းလမ်းတရပ်အနေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးတာကနေ ထာဝရရှင်သန်ရေး(အမတ)အထိ နည်းလမ်းတွေကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ လမ်းလျှောက်ရင်း ဆွေးနွေးခဲ့ကြတာကို အမှတ်မထင် ဖမ်းယူမိခဲ့ပါတယ်။

ဇီဝနည်းပညာ တီထွင်ဆန်းသစ်မှုရလဒ်အဖြစ် ထာဝရရှင်သန်မှုဆိုတာ ဖြစ်လာနိုင်တယ်လို့ ပူတင်က မှတ်ချက်ချတာကို စကားပြန်က ဘာသာပြန်ဆိုပေးနေတာကို အမှတ်မထင် ဖမ်းယူမိခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့ကြတဲ့ အခိုက်အတန့်ကို တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်နေချိန်မှာ ဖမ်းယူမိခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်မှာ တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ၃ ယောက်ဟာ  တရုတ်နိုင်ငံရဲ့ သမိုင်းဝင် တီယန်နန်မင်ရင်ပြင်မှာ အတူတကွ လမ်းလျှောက်နေခဲ့ကြတာပါ။

ရှီဟာ အာဏာရထားတာ ၁၃ နှစ်ရှိပြီဖြစ်သလို ပူတင်ကလည်း ၂၅ နှစ်ရှိပြီဖြစ်ပါတယ်။ ၂ ယောက်စလုံးဟာ ရာထူးကနေ အနားယူမယ့်အကြောင်း အရိပ်အမြွက်တောင် မပြောသေးပါဘူး။

မြောက်ကိုရီးယားနဲ့ ရုရှားခေါင်းဆောင်တွေနဲ့အတူ ပခုံးချင်းယှဉ် ရပ်နေရင်းနဲ့ တရုတ်သမ္မတက သူ့ရဲ့ အောင်ပွဲနေ့အခမ်းအနားကို အသုံးချပြီး ကမ္ဘာ့အနာဂတ်အတွက် အမြင်သစ်တခုကို ချပြဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ ၂ ယောက်ရဲ့ စကားစမြည်ပြောဆိုမှုမှာ သူတို့ရဲ့အမြင်တွေဟာ စီးပွားရေးနဲ့ နိုင်ငံရေးဘောင်ကို ကျော်လွန်နေတယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။

ဒီစကားဝိုင်းကို ပူတင်အတွက် တရုတ်စကားပြန်တယောက်နဲ့ ရှီအတွက် ရုရှားစကားပြန်တယောက်တို့ကနေတဆင့် ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ရှီရဲ့စကားပြန်က ရုရှားလို ပြောတာကို ကြားရတာကတော့ “အရင်တုန်းကဆိုရင် အသက် ၇၀ ကျော်တဲ့သူ ဆိုတာ ရှားပါးပေမဲ့ အခုခေတ်မှာတော့ အသက် ၇၀ ဆိုတာ ကလေးပဲရှိသေးတယ်လို့ ပြောကြတယ်” ဆိုပြီးဖြစ်ပါတယ်။

အဲဒီနောက် ပူတင် ပြောလိုက်တဲ့စကားကိုတော့ သေချာမကြားလိုက်ရပါဘူး။ သူ့ရဲ့ တရုတ်စကားပြန်ကတော့ “ဇီဝနည်းပညာ တိုးတက်လာတာနဲ့အမျှ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စဉ်ဆက်မပြတ် အစားထိုးနိုင်လာမယ်၊ လူတွေကလည်း တနေ့တခြား ပိုပိုပြီး နုပျိုလာနိုင်သလို ထာဝရအသက်ရှင်တာမျိုးတောင် ဖြစ်လာနိုင်ပါတယ်” လို့ ဘာသာပြန်ခဲ့ပါတယ်။

အဲဒီနောက် ရှီရဲ့စကားပြန်က “ခန့်မှန်းချက်တွေအရဆိုရင် ဒီရာစုနှစ်အတွင်းမှာ လူတွေ အသက် ၁၅၀ အထိ နေသွားနိုင်မယ့် အခွင့်အရေးရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

သတင်းထောက်တယောက်က မေးမြန်းခဲ့ရာမှာလည်း လမ်းလျှောက်ရင်း ဥက္ကဋ္ဌကြီး (ရှီ) နဲ့ ဒီလို ဆွေးနွေးခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း ပူတင်က အတည်ပြုခဲ့ပါတယ်။

ကျန်းမာရေးထောက်ကူမှု၊ ဆေးဝါးနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးတာလိုမျိုး ပါဝင်တဲ့ ခွဲစိတ်ကုသမှုလို ခေတ်မီနည်းလမ်းတွေကနေ လူသားမျိုးနွယ်ရဲ့ သက်တမ်း ပိုတိုးလာမယ်လို့ မျှော်လင့်နိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013