DVB Logo
Home
မြန်မာသတင်း
လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များကို စစ်ဆေးဆုံးဖြတ်ရန် ရိုဟင်ဂျာခုံရုံး တည်ထောင်
DVB
·
September 3, 2025
လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များကို စစ်ဆေးဆုံးဖြတ်ရန် ရိုဟင်ဂျာခုံရုံး တည်ထောင်
Donate to DVB

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို စစ်ဆေးဆုံးဖြတ်ဖို့ ရိုဟင်ဂျာခုံရုံးကို တည်ထောင်လိုက်တယ်လို့ အာရကန်ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအတွက် အင်စတီကျု (AiPAH) က ထုတ်ပြန်ပါတယ်။

ဒီခုံရုံးဟာ အမေရိကန်ပြည်ထောင်စုမှာ လွတ်လပ်တဲ့ပြည်သူ့ခုံရုံးအဖြစ် ဆောင်ရွက်မှာ ဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှု ဆိုင်ရာ စွပ်စွဲချက်တွေကို စစ်ဆေးဆုံးဖြတ်ဖို့၊ အပြည်ပြည်ဆိုင်ရာဥပဒေစံနှုန်းတွေအရ ရှင်သန်ကျန်ရစ်သူတွေရဲ့ ထွက်ဆိုချက်တွေ၊ ကျွမ်းကျင်ပညာရှင်တွေရဲ့ သက်သေ အထောက်အထားတွေနဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို မှတ်တမ်းတင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ ကုလသမဂ္ဂ၊ အမေရိကန်ကွန်ဂရက်လွှတ်တော်၊ အမေရိကန်အစိုးရ၊ အပြည်ပြည်ဆိုင်ရာ တရားရုံးတွေ၊ ဘင်္ဂလားဒေ့ရှ်၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ICC တရားရုံးနဲ့ အာဆီယံတို့မှာ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းတွေကို အားဖြည့်ပေးမယ့် ဥပဒေနဲ့အညီ ဆုံးဖြတ်ချက်ချမှတ်ဖို့ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

AiPAH ၏ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဦးရွှေမောင်က “ရိုဟင်ဂျာခုံရုံး တည်ထောင်တာဟာ တာဝန်ခံမှုဆီသို့ သမိုင်းဝင်ခြေလှမ်းသစ်တရပ်ကို စတင်လိုက်တာဖြစ်တယ်။ ဒီခုံရုံးဟာ ရှင်သန်ကျန်ရစ်သူတွေရဲ့ အသံတွေကို မြှင့်တင်ပေးကာ အမှန်တရားကို မှတ်တမ်းတင်ပြီး ULA/AA ခေါင်းဆောင်တွေ၊ ပြစ်မှုကျူးလွန်သူတွေနဲ့ သူတို့ရဲ့ ပူးပေါင်းကူညီသူကြံရာပါတွေကိုပါ ကမ္ဘာ့မျက်မှောက်တွင် တာဝန်ခံစေမှာ ဖြစ်တယ်။ ဒီခုံရုံးဟာ အပြည်ပြည်ဆိုင်ရာတရားရုံးတွေကို အစားထိုးဖို့ မဟုတ်ပေမဲ့ ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုရှာဖွေရေးလုပ်ငန်းစဉ်ကို အားဖြည့်ပေးမှာဖြစ်တယ်”လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ပထမဆုံးအဆင့်အနေနဲ့ AiPAH ဟာ ခုံရုံးရဲ့ ပဋိညာဉ်စာတမ်း၊ လုပ်ထုံးလုပ်နည်းစည်းမျဉ်းတွေနဲ့ အဖွဲ့အစည်းဆိုင်ရာမူဘောင်တို့ကို ပြဋ္ဌာန်းဖို့လမ်းညွှန်မယ့် ထင်ရှားကျော်ကြားသူတွေပါတဲ့ ဦးဆောင်ကော်မတီကို ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။

ဦးဆောင်ကော်မတီဖွဲ့စည်းပုံနဲ့ ခုံရုံးရဲ့ နောက်ထပ်လုပ်ငန်းအဆင့်ဆင့်ဆိုင်ရာ အသေးစိတ် အချက်အလက်တွေကိုလည်း ကြေညာသွားမယ်လို့ ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး ( ICJ) မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားသလို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပေါင်းပါတွေကိုလည်း ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး ( ICC) မှာ လျှောက်ထားတာ ရှိပါတယ်။

ဒါ့အပြင် အာဂျင်တီးနားတရားရုံးကလည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအာင်လှိုင်နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော် တို့အပါအဝင်  စုစုပေါင်း ၂၅ ယောက်ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေကြောင့် ရိုဟင်ဂျာတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာ စစ်အစိုးရတွေ လက်ထက်ကတည်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ သွားရောက် ခိုလှုံနေကြတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ်လမှာတော့ အာဆာ အကြမ်းဖက်အဖွဲ့ရဲ့ နယ်ခြားစောင့် ရဲစခန်းတွေကို အလစ်အငိုက် တိုက်ခိုက်မှုအပြီး စစ်တပ်က နယ်မြေရှင်းလင်းစစ်ဆင်ရေးလုပ်ခဲ့တာမှာ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ထပ်မံထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013