DVB Logo
Home
Lead Story
၆ ပွင့်ဆိုင် တွေ့ဆုံပွဲကို အေဘီအက်စ်ဒီအက်ဖ် ကြိုဆိုတယ်-ရဲဘော်ဆန်နီ
DVB
·
November 28, 2014
၆ ပွင့်ဆိုင် တွေ့ဆုံပွဲကို အေဘီအက်စ်ဒီအက်ဖ် ကြိုဆိုတယ်-ရဲဘော်ဆန်နီ
Donate to DVB

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမယ့်အစီအစဉ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) က ကြိုဆိုလိုက်ပါတယ်။

ဒီကနဦး အစပျိုးမှုကတဆင့် အင်အားစုအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆီ တက်လှမ်း ဆွေးနွေးပြီး တိုင်းပြည်ရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းအကုန်လုံးကို ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန် ရှိသူတွေနဲ့ တွေ့ဆုံပွဲအပြီး မေးမြန်းချက်ကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကနေ ကျောင်းသားတပ်မတော်နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကော်မတီတို့ ရန်ကုန်မှာ လာမယ့် ဒီဇင်ဘာလအတွင်း တွေ့ဆုံဖို့ သဘောတူညီခဲ့ကြပါတယ်။

အစည်းအဝေးအပြီး ရှင်းလင်းပွဲမှာ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီကို သတင်းထောက်တွေက ဆွေးနွေးပွဲနဲ့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ရပ်တည်ချက်နဲ့ ပတ်သက်လို့  မေးမြန်းထားပါတယ်။

ဒီကနေ့ အမ်ပီစီ (မြန်မာငြိမ်းချမ်းရေးစင်တာ) က တာဝန်ရှိသူတွေနဲ့ ဘာတွေ ဆွေးနွေး ပါသလဲ။

[caption id="attachment_72234" align="alignright" width="300"]ရဲဘော် ဆန်နီ ရဲဘော် ဆန်နီ[/caption]

“အကြောင်းအရာ ၂ ချက်ပေါ့။ ပထမတချက်ကတော့ ကျနော်တို့ အေဘီအက်စ်ဒီအက်ဖ်နဲ့ ယူပီဒဗလျူစီကြားမှာ ရှိခဲ့တဲ့ ပြည်နယ်အဆင့် သဘောတူညီချက် လက်မှတ်ထိုးခဲ့ တာ၊ ပြည်ထောင်စုအဆင့် သဘောတူညီချက် လက်မှတ်ထိုးခဲ့တာ ၁ နှစ်ကျော်ခဲ့ပြီ။ အဲဒီ  ၁ နှစ်ကျော်တဲ့ နောက်ပိုင်းမှာ ယူပီဒဗလျူစီနဲ့ ကျနော်တို့ကြားမှာ ရှိတဲ့ သဘောတူညီချက်တွေကို အကောင်အ ထည် ဆောင်ရွက်တဲ့ အခြေအနေတွေ ကို ပြန်လည်သုံးသပ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ယူပီဒဗလျူစီနဲ့ အကြား ဒုတိယအကြိမ် ဆွေးနွေးမယ့်ကိစ္စကို ကျနော်တို့ ဒီမှာ လာညှိနှိုင်းတာ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ ၂ ဖွဲ့ကြားမှာ ဆက်လုပ်သွားမယ့် ဒုတိယအကြိမ် ဆွေးနွေးပွဲကိစ္စ ညှိနှိုင်းတာပါ။ အဲဒီမှာ ကျနော်တို့ ရီဗျူးကိစ္စတွေ ပြန်လုပ်ပါမယ်။ သဘောတူညီချက်တွေပေါ်မှာ မူတည်ပြီးတော့မှ ဘယ်လိုကိစ္စတွေက အခက်အခဲ ရှိတယ်။ ဘယ်လိုကိစ္စတွေက အကောင်အထည်ဖော်နိုင်တယ် အဲဒါ တချက်ပါ။ နောက်တချက်ကတော့ တတိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့အမြင်တွေ၊ ယူပီဒဗလျူစီဘက်က အမြင်တွေ၊ ဒီနေ့ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီးတော့မှ ဆက်သွားကြရမယ့် နိုင်ငံရေးမူဘောင် ရေးဆွဲခြင်း၊ ပြီးတော့ အင်အားစု အားလုံး ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကိစ္စရပ်တွေကို အဲဒီနှစ်ဘက်ဆွေးနွေးပွဲမှာ ကျနော်တို့ ဆက်လက် ဆွေးနွေးချင်ပါတယ်။ နောက်ပြီးတော့ ဆက်လက်ဆွေးနွေးရန် ကျန်နေသေးတဲ့ နိုင်ငံရေးဆိုင်ရာ အချက်အလက်တွေကိုလည်း ယူပီဒဗလျူစီနဲ့ ဆက်လက် ဆွေးနွေးဖို့စတဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လာရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒါက ပထမတချက်ပါ။ ဒုတိယတချက်ကတော့ အန်စီစီတီနဲ့ ယူပီဒဗလျူစီနဲ့ ဆက်လက် ဆွေးနွေးကြမယ့် အကြောင်းအရာတွေကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ဆက်လက်ဆွေးနွေးဖို့ တိုက်တွန်းတာတွေရယ်၊ ဒီကိစ္စတွေပေါ်မှာ တချို့ကိစ္စရပ်တွေ ကျနော်တို့ လာရောက် ဆွေးနွေးတာ ဖြစ်ပါတယ်။”

ဘာကြောင့် အန်စီစီတီနဲ့ ယူပီဒဗလျူစီနဲ့ တွေ့ဆုံပွဲတွေ မြန်ဖို့ တိုက်တွန်းရတာလဲ။

“ပြီးခဲ့တဲ့ကာလမှာ ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာလ ဆွေးနွေးပွဲမှာ ရှိတဲ့ အထစ်အငေါ့တွေကို ကျော်လွှားနိုင်မယ့်အခြေအနေတွေကို ကျနော်တို့ သိချင်တယ်။ နောက်တော့ လိုင်ဇာမှာ ဖြစ်သွားခဲ့တဲ့ ကိစ္စရပ်တွေပေါ်မှာ မူတည်ပြီးတော့မှ ဘယ်လို ကျော်လွှားပြီးတော့ ကျနော်တို့ ဒီဆွေးနွေးပွဲကို ဆက်သွားနိုင်မယ့်ကိစ္စရပ်တွေကို ဘယ်လို ဆွေးနွေးသွားနိုင်မလဲဆိုတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးတာ ဖြစ်ပါတယ်။”

ယူပီဒဗလျူစီနဲ့ အေဘီအက်စ်ဒီအက်ဖ် ဘယ်တော့ တွေ့ကြမလဲ။

“လာမယ့်လထဲမှာ တွေ့ကြမှာပါ။ အချိန်တော့ ဆက်လက်ညှိနှိုင်းရဦးမှာပါ။ အချိန် ဆက်လက် ညှိနှိုင်းသွားပြီးတော့မှ လာမယ့်လထဲမှာတော့ တွေ့နိုင်အောင် ကျနော်တို့ နှစ်ဖက်တော့ ကြိုးစားဆောင်ရွက်သွားမယ်လို့တော့ ဒီလိုပဲ ညှိနှိုင်းထားပါတယ်။”

အေဘီအက်စ်ဒီအက်ဖ်အနေနဲ့ရော ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုအခန်းကဏ္ဍကနေ ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်မှု လုပ်နိုင်ပြီလဲ။

“ဒီနေ့ကာလမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်က ဆွေးနွေးရုံပဲ ရှိနေပါသေးတယ်။ ဆိုတော့ ကျနော်တို့ အခု ၀ိုင်းကြိုးစားနေတဲ့အပိုင်းကတော့ ဒီနေ့ ယူပီဒဗလျူစီနဲ့ အန်စီစီတီရဲ့ ကြိုးစားတဲ့အပိုင်းမှာ တတ်အားသရွေ့ ကျနော်တို့ရဲ့အခန်းကဏ္ဍနဲ့ ကျနော်တို့ နိုင်သရွေ့တော့ ကျနော်တို့ လုပ်နေပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ကျနော်တို့ လူထုကြားထဲမှာ ရှိနေတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ နောက်ပြီးတော့ ကျန်တဲ့အင်အားစုနဲ့ အတူ ရှိနေတဲ့၊ ဖြစ်နိုင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပံ့ပိုးနိုင်မယ့်အခြေအနေတွေကိုတော့ ကျနော်တို့ တွေ့ဆုံ ဆွေးနွေးပြီးတော့မှ ပါဝင်နိုင်မယ့် အခန်းကဏ္ဍတွေကို ပါဝင်နိုင်အောင်တော့ ကျနော်တို့ အားလုံး ၀ိုင်းကြိုးစားနေတာ ရှိပါတယ်။ အဓိကကတော့ နိုင်ငံရေးအင်အားစုတွေ ရှိမယ်။ နိုင်ငံရေးပါတီတွေ ရှိမယ်။ လူငယ်အင်အားစုတွေ ရှိမယ်။ အမျိုးသမီးအင်အားစုတွေ ရှိမယ်။ လူထုအခြေပြုအဖွဲ့အစည်းတွေ ရှိမယ်။ အဲဒါတွေနဲ့အတူ ကျနော်တို့ ဒီနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုမို အားကောင်းစေအောင်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဒီထက်ပိုပြီးတော့မှ မြန်ဆန်အောင် အားလုံး ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်ကြဖို့ တိုက်တွန်းနေတဲ့အခြေအနေ ရှိပါ တယ်။”

လိုင်ဇာပစ်ခတ်မှုမှာ အေဘီအက်စ်ဒီအက်ဖ်ကလည်း ၂ ယောက်ပါသွားတယ်ဆိုတော့။ ကျန်တိုင်းရင်းသားခေါင်းဆောင်တွေက ပြောတယ်။ ဒီပစ်ခတ်မှုဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တစ်ဆို့မှုတွေ ဖြစ်သွားစေနိုင်တယ်ဆိုပြီး ပြောတယ်ဆိုတော့ ဒီကိစ္စ ဆွေးနွေးဖြစ်လား။ ဘယ်လို မြင်လဲ။ ပစ်ခတ်မှုနဲ့ ပတ်သက်လို့။

“ကျနော်တို့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ ဒီနေ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ အတစ်အဆို့ဖြစ်မှာကို စိုးရိမ်ခဲ့တယ်။ စိုးလည်း စိုးရိမ်ဆဲပါ။ ဒီလို ထပ်မဖြစ်အောင် အဖက်ဖက်က ဘက်နှစ်ဘက်စလုံးက တာဝန်ယူရပါလိမ့်မယ်။ ဒီဖြစ်စဉ်ပေါ်မှာလည်း ဖြစ်သွားတဲ့အပေါ်မှာ ဒီကိစ္စနဲ့ တာဝန်ယူပြီးဖြေရှင်းပေးနိုင်တဲ့ ကိစ္စရပ်ကိုလည်း တိတိကျကျ ဆောင်ရွက်နိုင်ရပါမယ်။ ဆိုတော့ ဒါတွေကိုတော့ နည်းလမ်းတကျနဲ့ ဆက်လက် ဆက်သွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ် တခုတည်းပေါ်မှာ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မဖြစ်အောင်တော့ အားလုံးဘက်က ဒီလို ကိစ္စရပ်မျိုး မဖြစ်အောင် အားလုံးက ဆက်လက် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရလိမ့်မယ်လို့ ထင်တယ်။ ဒီဖြစ်စဉ် ဖြစ်သွားတဲ့အပေါ်မှာလည်း ကျနော်တို့ ထုတ်ပြန်ကြေညာချက် ထုတ်ခဲ့ပြီးပါပြီ။ ဒီထုတ်ပြန် ကြေညာချက်ပေါ်မှာလည်း ဆွေးနွေးပြထားပါတယ်။ ဒီကနေ့ သွားနေတဲ့၊ ကျနော်တို့ ဒီနေ့ ဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်၊ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်စဉ်။ တဖက်နဲ့ တဖက် ယုံကြည်မှုတွေ လျော့ကျသွားတဲ့ကိကိစ္စရပ်မျိုးကို မဖြစ်အောင် ကျနော်တို့ ဆက်လက် ဆောင်ရွက်သွားဖို့ တိုက်တွန်းထားတာ ရှိပါတယ်။ နောက် ဒီဖြစ်စဉ်ပေါ်မှာလည်း အရေးယူ ဆောင်ရွက်မှု၊ တာဝန်ယူ တာဝန်ခံမှုရှိရှိနဲ့ အရေးယူဆောင်ရွက်မှုကိုလည်း ကျနော်တို့ သိချင်ပါတယ်ဆိုတာ ဆွေးနွေးထားပါတယ်။”

အေဘီအက်စ်ဒီအက်ဖ်အနေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးရေးမှာ ယုံကြည်မှုအတိုင်းအတာ ဘယ်လောက်ရှိပြီလဲ။ အစိုးရက ဒီနှစ်အတွင်း ထိုးချင်တယ်လို့ ပြောနေတော့ ထိုးရလောက်အောင် ယုံကြည်မှုတွေ ရပြီလို့ အေဘီအက်စ်ဒီအက်ဖ်က သုံးသပ်ပါသလား။

“ယုံကြည်မှုဆိုတာ ဒီဆွေးနွေးမှုတွေပေါ်မှာ ရှိလာတဲ့ ရလဒ်တွေပေါ်မှာ တိုင်းတာရမယ်နဲ့ တူတယ်။ ယုံကြည်မှုက ကျနော်တို့ တည်ဆောက်နေတုန်းပဲ ရှိပါသေးတယ်။ ဆွေးနွေးမှုပေါ်မှာ ရလာတဲ့ ရလဒ်တွေပေါ်မှာ မူတည်ပြီးတော့မှ လက်မှတ်ထိုးဖို့ကိစ္စက ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ ပြောလို့ရမယ်လို့ ကျနော် အဲလိုပဲ မြင်ပါတယ်။ ဆိုတော့ ယုံကြည်မှုရအောင်ဆိုတဲ့နေရာမှာတော့ အားလုံးမှာ တာဝန်ရှိပါတယ်။ ကျနော်ကတော့ ဘာကို တင်ပြချင်တာလဲဆိုတော့ ယုံကြည်မှု ရှိအောင်တော့ ဒီနေ့ ရှိနေတဲ့ အာဏာရအစိုးရမှာ တာဝန်အများကြီး ရှိတယ်လို့ ကျနော် ယူဆပါတယ်။ သူတို့မှာ အကောင်အထည်ဖော်နိုင်တဲ့အခြေအနေ ရှိပါတယ်။ ဘာကို ပြောချင်တာလဲဆိုလို့ရှိရင် လက်ရှိ အာဏာယူထားတဲ့အစိုးရအဖွဲ့ဟာ အာဏာလည်း ရှိတယ်၊ လုပ်ပိုင်ခွင့်လည်း ရှိတယ်။ ဒီအပေါ်မှာ အကောင်အထည်ဖော်ချင်တဲ့ ဆန္ဒရှိမယ်၊ အဲဒီ အကောင်အထည်ဖော်ဖို့လည်း ယုံကြည်မှုရှိရှိနဲ့ ဆက်သွားချင်တယ်ဆိုလို့ရှိရင်တော့ ဒီကိစ္စက ဖြစ်မယ်လို့ ကျနော် အဲလိုပဲ မြင်ပါတယ်။ ဆိုတော့ အဲလိုဖြစ်ဖို့နေရာမှာတော့ ဒီနေ့ အာဏာအရပ်ရပ်ကို ကိုင်ထားတဲ့ အစိုးရကတော့ ကျနော့်အမြင်က ဒီပေါ်မှာ ဆန္ဒ ရှိရမယ်။  Commitment (ကတိက၀တ်) ရှိရမယ်။ သဘောထားကြီးမှု ရှိရမယ်။ နောက်ပြီးတော့ သည်းခံ စိတ်ရှည်ပြီးတော့ ဆောင်ရွက်ပေးရလိမ့်မယ်လို့ ကျနော် အဲလိုပဲ နားလည်ပါတယ်။”

လတ်တလောမှာ ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်အောင် ဆောင်ရွက်နေတယ်။ ဒီဆွေးနွေးပွဲဟာ အေဘီအက်စ်ဒီအက်ဖ်လို လွှတ်တော်ပြင်ပအဖွဲ့တွေ ပုဂ္ဂိုလ်တွေ မပါဘူး။ ၆ ပွင့်ဆိုင်နဲ့ပတ်သက်လို့ အေဘီအက်စ်ဒီအက်ဖ်သဘောထားကို ပြောပြပါ။

“ကျနော်တို့ ကြိုဆိုပါတယ်။ ဒီနေ့ တိုင်းပြည်ပြသနာကို ဖြေရှင်းဖို့ ဘယ်နေရာကနေ စစ စနိုင်ဖို့ လိုပါတယ်။ အစပျိုးဖို့ လိုပါတယ်။ အဲဒီတော့ တိုင်းပြည်ပြဿ      နာကို အစပျိုးဖို့က ဒီကိစ္စတွေကို စတင်ဆောင်ရွက်တာတွေကို ကျနော်တို့ ကြိုဆိုတယ်။ တိုင်းပြည်ပြဿ  နာ ဖြေရှင်းနိုင်ဖို့ ၆ ပွင့်ဆိုင် တခုတည်း မဟုတ်ပါဘူး။ တတိုင်းပြည်လုံး ပါဝင်နိုင်တဲ့ တတိုင်းပြည်လုံး ပါဝင်ရမယ့် နိုင်ငံရေးဆွေးနွေးပွဲကနေသာ အဖြေထွက်မယ်လို့ ယူဆပါတယ်။ ဒီ ကနဦး အစပျိုးမှု အားလုံးက နေပြီးတော့မှ အင်အားစုအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲက ရလာတဲ့ ရလဒ်တွေဟာ တိုင်းပြည်ရဲ့ ဒီနေ့ လက်တွေကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်း အကုန်လုံးကို ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့စတဲ့ ကနဦး အစပျိုးမှု အားလုံးသည်လည်း နိုင်ငံရေးဆွေးနွေးပွဲကို အားလုံးဦးတည်ပြီးတော့မှ စတယ်လို့ ကျနော်တို့ ဒီလိုပဲ နားလည်ထားပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013