
ယူကရိန်းနိုင်ငံ၊ ခါခိဗ်မြို့မှာရှိတဲ့ ကလေးတွေဟာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ မြေအောက်ကျောင်းမှာ စက်တင်ဘာ ၁ ရက်က စာသင်နှစ်သစ်ကို စတင်ခဲ့ပါတယ်။
ကျောင်းက မြေအောက် ၃ ထပ်မှာရှိပြီး လူကိုယ်တိုင်သင်ကြားဖို့ ရှားပါးတဲ့ အခွင့်အရေးမို့ ဒီအဆောက်အအုံကို ရွေးချယ်ခဲ့တယ်လို့ ၆ နှစ်သား ကလေးငယ် မာရီယာ ယာကွန်ကီနာရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ရေး ဥသြသံတွေ မြည်လာတဲ့အခါ ဆရာတွေနဲ့ ကျောင်းသားတွေက ခေတ်မီထောက်ပံ့ရေးနဲ့ ဘေးကင်းရေးစနစ်တွေ တပ်ဆင်ထားတဲ့ စာသင်ခန်းတွေထဲမှာ စုဝေးခဲ့ကြပါတယ်။
မြို့တော်ဝန် အီဟိုးတယ်ရယ်ခက်ဗ်က အခုနှစ်မှာ ကလေး ၁၇,၀၀၀ လောက် လူကိုယ်တိုင် အတန်းတက်မယ်လို့ ပြောပါတယ်။
ခါခိဗ်မှာ အသစ်တည်ဆောက်ထားတဲ့ မြေအောက်စာသင်ကျောင်း ၇ ကျောင်းနဲ့ မြေအောက် စာသင်ခန်းတွေကို လက်ခံဆောင်ရွက်ပေးတဲ့ မီထရိုဘူတာ ၆ ခု ရှိပြီး ဇန်နဝါရီလမှာ နောက်ထပ်ကျောင်း ၃ ကျောင်း ဖွင့်ဖို့ မျှော်မှန်းထားပါတယ်။
စစ်ထဲမှာတောင် သားသမီးတွေ လူကိုယ်တိုင် စာသင်ခန်းထဲ ပြန်ရောက်ရမယ့် အခွင့်အရေးကို မိဘတွေက ကြိုဆိုခဲ့ကြပါတယ်။
Photo:Reuters











