DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးလှမျိုးနောင် ကွယ်လွန်
DVB
·
November 28, 2014
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးလှမျိုးနောင် ကွယ်လွန်
Donate to DVB

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း ဦးလှမျိုးနောင် အသက် ၄၇ နှစ်ဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ  နိုဝင်ဘာ ၂၈ ရက် မနက် ၈ နာရီ ၄၀ မိနစ်က ကွယ်လွန်သွားပါတယ်။

ကာလရှည် နာမကျန်းဖြစ်နေတဲ့ ဦးလှမျိုးနောင်ဟာ အသည်းရောဂါနဲ့  မနေ့က ဆေးရုံ မှာ တက်ရောက် ဆေးကုသမှုခံယူနေရာက   ဒီကနေ့ မနက်မှာ ကွယ်လွန်သွားတာလို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမင်းဇေယျက ပြောပါတယ်။

“အဓိက အသည်းခြောက်တာပါ။  တခြားရောဂါတွေလည်း ရှိတယ်လို့ပြောတယ်။ သူကရောဂါစုံတယ်။ ဆေးရုံတင်တာလည်း နောက်ကျတဲ့သဘောပေါ့။ မနေ့ကတင် ဒီနေ့ဆုံးတယ်ဆိုတော့  ရောဂါကျွမ်းပြီဆိုတဲ့ သဘောဖြစ်တာပေါ့။ ဆေးရုံမတင်ခင် တပတ်လောက်က ကျနော့်အိမ်ကိုသူရောက်လာသေးတယ်၊ ကျနော်တို့က ရေရှည်ကုရမယ်ထင်ထားတာ၊ ခုတော့ ဗြုန်းစားကြီးဆုံးသွားတာပေါ့။”

ကျောက်ပန်းတောင်းမှာ မွေးဖွားခဲ့တဲ့ ဦးလှမျိုးနောင်ဟာ  ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာသင်ယူခဲ့ပြီး ၁၉၈၈   ကျောင်းသား လှုပ်ရှားမှုတွေမှာပါဝင်ခဲ့သူ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ ၅ နှစ်ကြာ ထောင်သွင်း အကျဉ်းချခံခဲ့ရပါတယ်။

[caption id="attachment_72231" align="alignleft" width="300"]ဦးလှမျိုးနောင် ဦးလှမျိုးနောင်[/caption]

၂၀၀၇ ခု သြဂုတ်လ  လောင်စာဆီဈေးနှုန်းကျဆင်းရေး  ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက်လည်း ဦးလှမျိုးနောင်ကို စစ်အစိုးရက ထောင်ဒဏ် ၆၅ နှစ်ချမှတ် အကျဉ်း ထပ်ချထားခဲ့ပြန်ပါတယ်။

၂၀၁၂ ဇန်န၀ါရီမှာ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့  တခြား ကျောင်း သားခေါင်းဆောင်တွေနဲ့အတူ ဦးလှမျိုးနောင်လည်း ပြန်လည်လွတ်မြောက်ခဲ့ပြီး နောက်ပိုင်းမှာ  ၈၈ မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ပါဝင်ဆောင်ရွက်ခဲ့ ပါတယ်။

လုပ်ဖော်ကိုင်ဖက်တဦး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ဦးမင်းဇေယျက “လှမျိုးနောင်ဆိုတာက ၁၉၈၈ မတ်လ ကျောင်းသားအရေးအခင်းကစပြီး ကျနော်တို့နဲ့ တောက်လျှောက်တွဲလာတဲ့ ကျောင်းသားခေါင်းဆောင်တယောက်ပါ။ ဒီမိုကရေစီရရှိရေး စစ်အာဏာရှင် အမြစ်ဖြတ်ရေးတိုက်ပွဲတွေမှာ နှစ်ပေါင်းများစွာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက်ပါပဲ။ ၈လေးလုံးအရေးတော်ပုံကနေ ခုချိန်ထိ သူ့ရဲ့ စွမ်းစွမ်းတမံလုပ်ဆောင်မှုတွေဟာ အားလုံး အမှတ်တရတွေပါပဲ။ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတာတော့ နှမြောစရာတော့ ကောင်းတာပေါ့ဗျာ။ သူ့ရဲ့ စွန့်လွှတ်မှုတွေ၊ ပေးဆပ်မှုတွေ၊ အနစ်နာခံမှုတွေ အပေါ်မှာတော့ ကျနော်တို့က အမြဲတမ်းလေးစားနေမှာပါ” လို့ ပြောပါတယ်။

ဦးလှမျိုးနောင်ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ရဲဘော်ရဲဘက်တဦးဖြစ်သူ ဦးမြအေးကလည်း “ကျနော်တို့ ၁၉၈၈ - ၈၉ ကာလတွေကစပြီး ထောင်တွေကျတဲ့ အချိန်မှာ ကိုလှမျိုးနောင်လည်းပါပါတယ်။ အဲဒီအချိန်တွေက ထောင်ထဲမှာ အရမ်းကြမ်းတမ်းတဲ့ ကာလတွေပေါ့။ အဲဒီကာလတွေကို အတူတူကျော်ဖြတ်ခဲ့ကြတယ်။ အဲဒီအချိန်အခါမှာ ကိုလှမျိုးနာင်ရဲ့ မိဘတွေက တော်တော်ကို စီးပွားရေးအင်အားတောင့်တင်းခဲ့ကြတဲ့ အခြေအနေပါ။ ဒါပေမယ့် ခေတ်စနစ်ရဲ့ တိုက်စားမှုကြောင့် နောက်ဆုံး ကွယ်လွန်သွားတဲ့ အချိန်မှာတော့ သူ့မှာ ပိုင်ဆိုင်မှုဘာမှမရှိဘူး။ သူပိုင်ဆိုင်ခဲ့တဲ့ဟာက သူဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး သမိုင်း၊ တိုင်းပြည်အတွက် သူစွန့်လွှတ်အနစ်နာခံခဲ့တယ်ဆိုတဲ့သမိုင်း ဒါပဲသူ့မှာရှိတယ်။ ကျနော်ကတော့ သူ့ကို အရမ်းခင်တဲ့ သူငယ်ချင်းတယောက်အနေနဲ့ရော ရဲဘော်ရဲဘက် တယောက်အနေနဲ့ရော ကျနော်သူ့ရဲ့ သမိုင်းကို လေးစားနေမှာဖြစ်တယ်။ အသိအမှတ်ပြုနေမှာ ဖြစ်တယ်။ အမြဲသတိရနေမှာဖြစ်တယ်” လို့ ပြောပါတယ်။

ဦလှမျိုးနောင်ရဲ့ ဈာပနကို   နိုဝင်ဘာ ၃၀ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပြီး  ရုပ်ကလာပ်ကို ရေဝေးသုသာန်မှာ ညနေ ၃ နာရီ သင်္ဂြိုဟ်ဖို့ အစီအစဉ် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013