DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲမတိုင်မီ ဆုံးရှုံးနယ်မြေများ ပြန်လည်ရယူရန် စစ်ကောင်စီ ညွှန်ကြား
DVB
·
September 2, 2025
ရွေးကောက်ပွဲမတိုင်မီ ဆုံးရှုံးနယ်မြေများ ပြန်လည်ရယူရန် စစ်ကောင်စီ ညွှန်ကြား
Donate to DVB

ဒီဇင်ဘာမှာ ရွေးကောက်ပွဲပြုလုပ်မယ့် စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေဆီမှာ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေကို အခုလ စက်တင်ဘာထဲမှာ ထိုးစစ်တွေနဲ့ ပြန်လည်ရယူဖို့ အထူးအစည်းအဝေး ပြုလုပ်ကာ ညွှန်ကြားထားတယ်လို့ စစ်တပ်အသိုက်အဝန်းဆီက သိရပါတယ်။

လာမယ့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲအပိုင်း ၁ ပြုလုပ်မယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲမတိုင်ခင် ကြားကာလတွေမှာ မဲဆွယ်စည်းရုံးရေးတွေ ပြုလုပ်နိုင်ဖို့အတွက် အခု စက်တင်ဘာလထဲ အထွေထွေထိုးစစ်နဲ့ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ တိုင်းစစ်ဌာန ၁၀ ခုက တပ်မှူးကြီးတွေ စုဝေးပြီး ခုခံတော်လှန်စစ်အတွက် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ကြေညာချက်အပြီးမှာ စစ်တပ်ဘက်က အထူးအစည်းအဝေးတခု ပြုလုပ်ကာ အခုလို ညွှန်ကြားခဲ့တာလို့ စစ်တပ်နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“နယ်မြေတွေကို ထပ်ပြီးတော့ ရယူဖို့အတွက်ကို အထူးစစ်ဆင်ရေးတွေ လုပ်ပြီးတော့ ဒီလထဲမှာပဲ အပြီးသတ်လုပ်ဖို့ကို အထူးအစည်းအဝေးတခု လုပ်ခဲ့တယ်။ ရွေးကောက်ပွဲကာလဖြစ်တဲ့ ၁၂ လပိုင်း မတိုင်ခင်မှာ တတ်နိုင်သမျှ ရထားတဲ့ နယ်မြေတွေနဲ့ ထပ်ပြီးတော့ ရနိုင်မယ့် နယ်မြေတွေကို အောက်တိုဘာနဲ့ နိုဝင်ဘာ ၂ လမှာ လုံခြုံရေးအပြည့်အဝလုပ်ဖို့ကို ဒီစက်တင်ဘာမှာ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်ရဖို့ ရနိုင်သမျှ အင်အားနဲ့ ထိုးစစ်ဆင်ဖို့ အစည်းအဝေးမှာ ညွှန်ကြားတယ်၊ ဒါနဲ့ပတ်သက်နဲ့ ဗျူဟာတွေကိုလည်း သူတို့ချခဲ့တယ်လို့ ပြောတယ်။”

လက်ရှိမှာလည်း စစ်တပ်က တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေဆီမှာ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ပြန်လည်ရယူနေတာလည်း ဖြစ်ပါတယ်။

အစည်းအဝေးမှာ ညွှန်ကြားချက်အရ နောက်တန်းက လက်နက်ကိုင်အင်အားတွေကိုပါ ရှေ့တန်းတိုက်ပွဲနေရာတွေမှာ ဆက်လက်ဖြည့်တင်းသွားမှာဖြစ်ကြောင်း စစ်တပ်နဲ့ နီးစပ်သူက ဆက်ပြောပါတယ်။

“အခုလက်ရှိ တိုင်းစစ်ဌာနကလူတွေ နောက်ချန်တပ်ရင်းမှာ ကျန်ခဲ့တဲ့ တပ်သားတွေနောက် စစ်မှုထမ်းလူတွေ အကုန်လုံးကို အခုလက်ရှိ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို အင်အားအလုံးအရင်းနဲ့ ဖြည့်နေတာ၊ အခု ရခိုင် ကျောက်ဖြူတိုက်ပွဲတွေ၊ ကချင် မြစ်ကြီးနား ဗန်းမော် တိုက်ပွဲတွေ၊ ပြီးရင် ရှမ်း မိုးကုတ်တို့မှာရှိတဲ့ တိုက်ပွဲတွေရှိတဲ့ နေရာတွေ အကုန်လုံးကို ဖြန့်ကျက်ပြီးပို့နေတာ။ MDY PDF တွေ သိမ်းထားတဲ့ နေရာတွေကိုလည်း ပြန်ပြီးတော့ ရယူဖို့ လူအင်အား လက်နက်အင်အား အလုံးအရင်းနဲ့ကို ဖြည့်တင်းနေတယ်။”

ဒီလိုပေါက်ကြားလာတဲ့ အစည်းအဝေး ညွှန်ကြားချက်နဲ့ ပတ်သက်လို့ NUG ဘက်က တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးမခံရရေးကို အလေးပေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုပါတယ်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “သူတို့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားတဲ့ မြို့နယ်တွေထဲမှာ NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေလည်း ပါနေတာ ဖြစ်တယ်ပေါ့။ အဲဒီအတွက် ဒီနေရာတွေကို သူတို့တွေ ပြန်ရယူပြီးတော့ တရားမဝင်ရွေးကောက်ပွဲ လုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုးစစ်တွေ အပြင်းအထန်ဆင်မယ့် သဘောလည်း ရှိနေသလို လက်ရှိမှာလည်း လုပ်ကိုင်ဆောင်ရွက်နေတာ ကျနော်တို့ မြေပြင်မှာ ရင်ဆိုင်နေရတာ ရှိပါတယ်။ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးမခံရစေရေးပေါ့။ ဒါကို ကျနော်တို့ အလေးပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေထဲမှာ ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ လေကြောင်းဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဒါတွေကိုလည်း တောက်လျှောက် အဆတိုး လုပ်လာတာကိုလည်း တွေ့ရတယ်။ လေကြောင်းရန်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အအုံတွေ အသိဉာဏ်ပညာ ဖြန့်ဝေမှုတွေကိုလည်း အာရုံစိုက်ပြီး အလေးထား လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါတယ်” လို့ ပြောပါတယ်။

တိုင်းရင်းသားတွေနဲ့ တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားနိုင်ခဲ့တဲ့ မိုးဗြဲ၊ ဒီးမော့ဆို၊ နောင်ချို၊ သပိတ်ကျင်း စတဲ့မြို့တွေကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း စစ်တပ်ဘက်က ထုတ်ပြန် ကြေညာထားပါတယ်။

လက်ရှိအခြေအနေမှာလည်း မိုးကုတ်ဘက်က လမ်းပိုင်းတချို့ကို လက်လွှတ်ခဲ့ရပြီး ဒီးမော့ဆိုမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲလည်း ဖြစ်ပါတယ်။

စစ်တပ်က ဒီဇင်ဘာ ၂၈ ရက် စတင်ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ် ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတာဖြစ်လို့ နိုင်ငံရဲ့ ၃ ပုံ ၁ ပုံ မပြည့်တဲ့ နယ်မြေမှာသာ ရွေးကောက်ပွဲ ပထမပိုင်းကို ပြုလုပ်မှာဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013