DVB Logo
Home
Lead Story
ပမာဏကြီးမားတဲ့ ငလျင်ကြီးတွေ အချိန်မရွေးလှုပ်နိုင်တယ် - ဦးစိုးသူရထွန်း
DVB
·
November 28, 2014
ပမာဏကြီးမားတဲ့ ငလျင်ကြီးတွေ အချိန်မရွေးလှုပ်နိုင်တယ် - ဦးစိုးသူရထွန်း
Donate to DVB

နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်း ပဲခူးမြို့တောင်ဘက် အရှေတောင်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်သွားတဲ့ ငလျင်အပါအ၀င် ဒီနှစ်ထဲ ငလျင် ၄၇ ကြိမ် လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံမိုးလေ၀သဌာန စာရင်းဇယားဖော်ပြချက်တွေအရ သိရပါတယ်။

အခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက် ငလျင်လှုပ်ခဲ့တာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်းကတော့ အခု လှုပ်ခတ်နေတဲ့ ငလျင်ငယ်တွေဟာ ဖြစ်ရိုးဖြစ်စဉ် လှုပ်ခတ်နေတာဖြစ်ပြီး ငလျင်ကြီးတွေလှုပ်ဖို့ မမြင်မိသေးဘူးလို့ ပြောပါတယ်။

ဒါပေမယ့် မြန်မာပြည်ဟာ ငလျင်ပြတ်ရွေ့ကြော ၂ ခုနား တည်ရှိနေတာကြောင့် ပမာဏကြီးမားတဲ့ ငလျင်ကြီးတွေ အချိန်မရွေးလှုပ်နိုင်လို့ သတိပြုနေထိုင်ကြဖို့လည်း နှိုးဆော်လိုက်ပါတယ်။ ဦးစိုးသူရထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးစိုးသူရထွန်းခင်ဗျာ၊ ဒီရက်ပိုင်း ငလျင်ဆက်တိုက်လှုပ်တဲ့သတင်း ကြားရတယ်၊ အကျိုးအကြောင်း ပြောပြပေးပါဦး။

[caption id="attachment_72222" align="alignright" width="300"]ဦးစိုးသူရထွန်း ဦးစိုးသူရထွန်း[/caption]

“ကျနော်တို့လည်း သတိထား ကြည့်နေပါတယ်။ ကျနော့်အမြင်အရတော့ ခုလှုပ်နေတဲ့ ငလျင်တွေက ငလျင်ငယ်လေးတွေဖြစ်တာ တကြောင်းပေါ့၊ နောက်တ ခုက နေရာတနေရာစီကနေ လှုပ်နေတဲ့အခါ ကျတော့ နောက် ထပ်ငလျင်ကြီးတခု လှုပ်ဖို့ ပြင်နေတယ်လို့ မမြင်ပါဘူး၊ ဖြစ်ရိုးဖြစ်စဉ်တခုလို့ပဲ ခုချိန်ထိ မြင်ပါသေးတယ်။”

မန္တလေးလှုပ်လိုက်၊ ရန်ကုန်လှုပ်လိုက်၊ ပဲခူးလှုပ်လိုက်၊ ဆက်တိုက်လှုပ်နေတာရော ဘယ်လိုမြင်လဲဗျ။

“တခါတလေမှာ အဲ့ဒီလိုမျိုး ဆက်တိုက်လှုပ်တာ ဖြစ်တတ်ပါတယ်။ ဥပမာ ၂၀၀၄ ဆူနာမီကြီးပြီးတော့ မန္တလေးတို့၊ နမ့်ဆန်တို့ဘက်မှာ အဲ့လိုမျိုး ငလျင်ငယ်လေးတွေ လှုပ်သလိုပေါ့၊ မြေထုချက်တွေက ပုံမှန်အတိုင်း ရွေ့သွားတတ်တာလည်း ရှိတတ်တယ်ဗျ။ အဲ့ဒီလို ရွေ့သွားတဲ့အခါမျိုးမှာ ကျန်တဲ့အသေးအမွှားနေရာလေးတွေမှာ လိုက်လှုပ်တတ်ပါတယ်။”

စစ်ကိုင်းပြတ်ရွေ့ကျောတို့ ဘာတို့နဲ့ ပတ်သက်မှု ရှိလားခင်ဗျ။

“အခုထိ မြင်ရသလောက်တော့ တိုက်ရိုက်ပတ်သတ်နေတယ်လို့ မမြင်ပါဘူး။ ပြီးခဲ့တဲ့ ရက်တွေက လှုပ်ခဲ့တာဆိုရင် အနောက်ဘက် ရခိုင်ရိုးမ၀န်းကျင်မှာ လှုပ်ခဲ့တာဖြစ်တယ်။ ချင်းတောင်တန်းနဲ့ နာဂတောင်တန်းတို့မှာ လှုပ်ခဲ့တာများတယ်။ နောက်တခါ ရှမ်းပြည်အရှေ့ပိုင်းမှာ လှုပ်ခဲ့တာလည်းရှိတယ်။ အဲ့ဒီတော့ အလယ်မှာရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကျောနဲ့တော့ တိုက်ရိုက်ဆက်စပ်နေတာ မရှိပါဘူး။”

ရန်ကုန်မှာက ကန်ထရိုက်တိုက်တွေများတယ်ဗျ။ ငလျင်ကြီးလာရင် ဒဏ်ခံနိုင်ပါ့မလား၊ ဘယ်လိုမြင်ရလဲ။

“အဲ့ဒီလိုမျိုးစဉ်းစားရင်တော့ ကျနော်တို့လည်း စိတ်ပူပါတယ်ခင်ဗျ။ အထူးသဖြင့် ၁၉၉၀ နောက်ပိုင်းဆောက်တဲ့ ကန်ထရိုက်တိုက်တွေက ခိုင်ခံ့မှုပိုင်း အားနည်းကြတယ်ခင်ဗျ။ ရန်ကုန်မှာလည်း ခုနက ပြောတဲ့ ငလျင်ငယ်လေးတွေနဲ့တော့ မဆိုင်ဘူး။ ဒါပေမယ့် ငလျင်ကြီးလှုပ်မယ်ဆို လှုပ်နိုင်တဲ့အခြေအနေ ရှိနေပါတယ်။”

အဲ့ဒီတော့ ငလျင်ကြီး လှုပ်မယ်ဆိုတာလည်း ကြိုတင်သိနိုင်တော့ မဟုတ်တော့ ဘယ်လိုပြင်ဆင် ကာကွယ်သင့်သလဲခင်ဗျ။

“အဲ့ဒီအပိုင်းက အရေးကြီးဆုံးပါ။ မြန်မာနိုင်ငံက ငလျင်ဇုန်အပေါ်ကျနေတော့ အချိန်မရွေးလည်း လှုပ်နိုင်တဲ့ အခြေအနေဖြစ်နေတော့ ကျနော်တို့ဘက်က အလုပ်နိုင်ဆုံးက အဆောက်အအုံပိုင်းပါ။ လူတွေကို အန္တရာယ်ပေးနိုင်တာက အဆောက်အအုံတွေဖြစ်နေတော့ ငလျင်ဒဏ် ခံနိုင် မနိုင် ပြန်လည်စစ်ဆေးသင့်ပါတယ်။ အသစ်ဆောက်တဲ့ အဆောက်အအုံတွေကတော့ ကျနော်တို့ ကြားသိရသလောက်က ခိုင်ခံ့မှုအပိုင်းမှာ အစိုးရက နည်းနည်း ကြပ်ကြပ်မတ်မတ်စစ်တော့ စိတ်ချရတယ်။ အဓိကကတော့ အဆောက်အအုံဟောင်းတွေပေါ့၊ တတ်နိုင်ရင်ပြန်ပြီး စစ်ဆေးသင့်တယ်။”

အဲ့ဒီတော့ မတတ်သာလို့ အထပ်မြင့်တွေမှာ aနထိုင်နေကြရတဲ့သူတွေရော ဘယ်လို ပြုမူနေထိုင်သင့်သလဲ။

“အဆောက်အအုံကြီးတခုလုံး ပြိုကျပျက်စီးသွားတာတော့ တပိုင်းပေါ့။ ကိုယ်တိုင် တတ်နိုင်တဲ့ အပိုင်းမဟုတ်ဘူးပေါ့။ ဒါပေမယ့် တဦးချင်းအနေနဲ့ မိသားစုတွေအနေနဲ့ စဉ်းစားသင့်တာက ငလျင်လှုပ်ရင် ဖြစ်စဉ်အများစုက လေးလံတဲ့ အရာဝတ္ထုတွေ ပြုတ်ကျတာတို့ အဲယားကွန်းတို့လိုဟာမျိုးတွေ ပြုတ်ကျလို့ ထိခိုက်ဒဏ်ရာရကြတာ များပါတယ်။ ဆိုတော့ ကိုယ့်ရဲ့ အဆောက်အအုံခန်းထဲမှာ ဒါမျိုးတွေဟာ ငလျင်လှုပ်ရင် ပြုတ်ကျနိုင်သလား စစ်ဆေးထားသင့်တာပေါ့။ အရေးပေါ်ဖြစ်လာရင် ဘယ်နေရာဟာ ရှောင်ပုန်းဖို့ သင့်သလဲ ကြိုပြင်ထားသင့်တယ်။ ငလျင်လှုပ်ရင် အပြင်ကို ထွက်ပြေးတာတို့၊ အပြင်ကနေ အတွင်းဝင်တာတို့ လုပ်တာက ပိုပြီး အန္တရာယ်များပါတယ်။ ငလျင်လှုပ်တဲ့အခါ အနားရှိတဲ့ ခိုင်ခံ့တဲ့ စားပွဲတို့၊ ကုတင်တို့အောက်မှာ ပုန်းခိုနေသင့်ပါတယ်။ မိသားစုတွေအနေနဲ့ ဒါကို ကြိုပြီး စဉ်းစားထားသင့်ပါတယ်။”

ဖြည့်စွက်ပြောလိုတာ ရှိရင် ပြောပေးပါ။

“လူတွေကတော့ ငလျင်ငယ်လေးတွေလှုပ်တာနဲ့ ပတ်သက်ပြီး စိုးရိမ်တတ်ကြတာ ရှိတယ်။ ဒီစစ်ကိုင်းပြတ်ရွေ့ကြီး ကိုယ်တိုင်ရော၊ နောက် အနောက်ဘက်ရခိုင်ကမ်းခြေရဲ့ အနောက်ဘက်မှာရှိတဲ့  အမ်ဒမမ်ပြတ်ရွေ့ကြီးတွေက ကျနော်တို့နိုင်ငံနား ရှိနေတော့ ငလျင်ပမာဏ အကြီးကြီးတွေကလည်း အချိန်မရွေးဖြစ်နိုင်ခြေရှိတယ်။ ရှိတော့ အမြဲတမ်းအချိန်မရွေး သတိထားသင့်တဲ့ အခြအနေပါပဲလို့ ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013