
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာ ရာထူးတာဝန် ဆက်လက်ရယူနိုင်ရေးနဲ့ စစ်ကောင်စီ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ တတိယအကြိမ် Global Meeting ကို ဒေသစံတော်ချိန် ဩဂုတ် ၃၀ ရက်နေ့မှာ မြန်မာ့အရေးဆောင်ရွက်သူတွေက ဆက်လက်ခေါ်ယူခဲ့ပါတယ်။
အစည်းအဝေးမှာ မြေပြင်က တော်လှန်ရေးအင်အားစုတွေ၊ အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့အရေးဆောင်ရွက်သူတွေ၊ ကနေဒါ၊ ဥရောပ၊ အာရှနဲ့ နိုင်ငံတကာရောက် မြန်မာ့အရေးဆောင်ရွက်သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
အစည်းအဝေးပထမပိုင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ရာထူးတာဝန်ဆက်လက်ရရှိရေး ကမ်ပိန်းလုပ်ငန်းတွေကို အချောသတ်ဆွေးနွေးခဲ့ပြီး ဒုတိယပိုင်းအနေနဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးကမ်ပိန်းတွေ ဘယ်လိုလုပ်ဆောင်သွားမလဲ ဆိုတာတွေ ဆွေးနွေးခဲ့တာပါ။
စက်တင်ဘာ ၈ ရက်နေ့မှာ အကြိမ် ၈၀ မြောက် ကမ္ဘာကုလသမဂ္ဂ အထွေထွေညီလာခံ စတင်ကျင်းပမှာဖြစ်ပြီး စက်တင်ဘာ ၂၀ မှာ နိုင်ငံတကာခေါင်းဆောင်တွေ ညီလာခံမှာ စုစည်းကြမှာပါ။
နိုင်ငံတကာခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကို ရဖို့အတွက် စက်တင်ဘာ ၂၀ ရက်နေ့ကို ပစ်မှတ်ထားပြီး ကမ်ပိန်းအစီအစဉ်တွေ ဖော်ဆောင်ကြဖို့ မြန်မာ့အရေးဆောင်ရွက်သူတွေက ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ဦးကိုကိုလေး (Learn and Share) က “ဘန်ကောက်မှာရော၊ မဲဆောက်ဘက်မှာရော ဒီဘက်က လူငယ်လေးတွေ ဆင်းသွားပြီးတော့ လုပ်ကိုင်ဆောင်ရွက်ဖို့ကိုလည်း ဆွေနွေးတိုင်ပင်ပါတယ်။ ဦးကျော်မိုးထွန်း ကိစ္စနဲ့ပတ်သက်လို့ ကိုယ်လုပ်ထားတာလေးတွေကို ဆွေးနွေးတင်ပြတာပဲ ဖြစ်ပါတယ်။ Update လုပ်တာ အဲဒါများပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ရဲ့ အခက်အခဲက Advocacy နဲ့ပတ်သက်လို့ ဒီဘက်မှာ စကမ ဘက်က ခြေလှမ်းတွေက တော်တော်သွက်လာတယ်။ လော်ဘီတွေ ထပ်ငှားပြီးတော့ တဆင့်တိုးလာတယ်ပေါ့ဗျာ” လို့ ပြောပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ပြည်သူတွေရဲ့ အချက်အလက်တွေကို ဩဂုတ်လလယ်ပိုင်းမှာ စစ်ကောင်စီက ဖျက်ဆီးရယူဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာ့အရေးဆောင်ရွက်သူတွေဘက်က နည်းပညာပိုင်းအရ ထိန်းနိုင်ခဲ့ပါတယ်။
စစ်ကောင်စီက နိုင်ငံတကာသံတမန်စာမျက်နှာကို ထိုးဖောက်ဖို့ မေလဆန်းပိုင်းကတည်းက ခြေလှမ်းတွေ ပြင်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ခြေလှမ်းတွေကို ချက်ချင်းတုံ့ပြန်နိုင်ဖို့ နိုင်ငံတကာရောက် မြန်မာ့အရေးဆောင်ရွက်သူတွေက Global အဆင့် အစည်းအဝေးတွေခေါ်ပြီး စုစည်းမှုတွေ ပြုလုပ်ခဲ့တာပါ။
မခင်သီရိနန္ဒာစိုး (ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယားပြည်နယ်) က “ဘယ်လို ကိုင်တွယ်ဖြေရှင်းမယ် ဆိုတာအတွက်လည်း ကော်မတီတရပ်ကို ခိုင်ခိုင်မာမာ ဖွဲ့စည်းထားတာလည်း ရှိပါတယ်။ အားလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားကြတယ် လုပ်ဆောင်နေကြတယ်ပေါ့၊ ဒါပေမဲ့ ကျမတို့ မေ ၁၂ မှာ US Advocacy နဲ့ပတ်သက်ပြီးတော့ ရန်သူ့ဘက်ကနေပြီးတော့ ထိုးနှက်ချက်တွေ အများကြီးလုပ်လာတာ တွေ့ရတယ်။ တွေ့ရတဲ့အခါမှာ ကိုယ့်ဟာကိုယ် လုပ်နေကြရုံနဲ့ မရဘူး၊ အားလုံးစုစည်းပြီးတော့ ဆွေးနွေးပြီးတော့ လုပ်မှရမယ်ဆိုပြီး အစည်းအဝေးတွေခေါ်ပြီး ညှိနှိုင်းဆောင်ရွက်မှုတွေ အများကြီး လုပ်ခဲ့ရပါတယ်။ အဲ့ဒီကနေမှ Global Meeting တွေ US Meeting တွေ ဥရောပဘက်မှာရှိတဲ့ အင်အားစုတွေနဲ့ Meeting တွေ၊ အသီးသီး မြေပြင်ကပုဂ္ဂိုလ်တွေလည်း ပါတယ်၊ ပြီးတော့ State Holder တွေရယ် ပေါ်လစီပိုင်းဆိုင်ရာတွေလည်း ကျမတို့တွေ ကြားနာမှုတွေ လုပ်တယ်ပေါ့လေ။ ဒါတွေနဲ့ အားလုံး အကြိတ်အနယ် ဆွေးနွေးပြီးတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အလုပ်ကော်မတီတွေ ဖြစ်ပါတယ်၊ တတ်သိပညာရှင်တွေလည်း ပါဝင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက အမေရိကန်အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ဩဂုတ် ၁ ရက်နေ့ကစပြီး အမေရိကန်အခြေစိုက် လော်ဘီကုမ္ပဏီ DCI Group ကို တနှစ်ဒေါ်လာ ၃ သန်းပေးပြီး ငှားရမ်းထားသလို PR ကုမ္ပဏီဖြစ်တဲ့ McKeon Group ကိုလည်း တလ ဒေါ်လာ ၆ သောင်းပေးပြီး ၆ လ စာချုပ်ထားတာပါ။
စစ်ကောင်စီက လော်ဘီကုမ္ပဏီတွေ ငှားပြီး အမေရိကန်အစိုးရကို ချဉ်းကပ်ဖို့ ကြိုးစားနေပေမဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီရဲ့ ပြစ်မှုတွေကို ဖော်ပြထားတဲ့ ၂၀၂၄ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို ဩဂုတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စာမျက်နှာ ၂၆ မျက်နှာ ပါဝင်တဲ့ အစီအရင်ခံစာမှာ စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု၊ ကလေးသူငယ်ပါမချန် အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်မှု၊ အကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့ အပါအဝင် ရာဇဝတ်မှုတွေကို အချက်အလက်တွေနဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။
သုတချမ်းသာ











