
ယူကရိန်းကို ညလုံးပေါက် တိုက်ခိုက်ခဲ့တဲ့ ရုရှား ပစ်လွှတ်လိုက်တဲ့ ဒရုန်း ၅၃၇ စင်းထဲက ၅၁၀ စင်းနဲ့ ဒုံးကျည် ၄၅ စင်းထဲက ၃၈ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က သြဂုတ် ၃၀ ရက်မှာ ပြောပါတယ်။
ဒုံးကျည် ၆ စင်းနဲ့ မောင်းသူမဲ့လေယာဉ် ၂၄ စင်းတို့ဟာ တည်နေရာ ၇ ခုကို ထိမှန်ခဲ့ပြီး အပျက်အစီးတွေက နေရာ ၂၁ ပေါ်ကို ကျရောက်ခဲ့တယ်လို့ တယ်လီဂရမ် အက်ပ်မှာ ထုတ်ပြန်ထားပါတယ်။
ယူကရိန်းနိုင်ငံ မြို့တော်မှာတော့ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘဲ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကိယိဗ်ကို ပစ်မှတ်ထားတဲ့ ဒရုန်းတွေကို ပစ်ချခဲ့ပါတယ်။ ကြာသပတေးနေ့မှာ ရုရှားက ကိယိဗ်ကို ဒရုန်းနဲ့ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် လူ ၂၅ ယောက် သေဆုံးခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း ဇာပိုရစ်ချ်ဇီးယားမှာ ရုရှားက ညဘက်တိုက်ခိုက်မှုကြောင့် လူ တယောက် သေဆုံးပြီး ကလေး ၃ ယောက်အပါအဝင် ၂၄ ယောက် ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အီဗန်ဖဒ်ဒရို့ဗ်က သြဂုတ် ၃၀ ရက်မှာ ပြောပါတယ်။
လူနေအဆောက်အအုံ ၁၄ လုံး ပျက်စီးခဲ့ပြီး ဓာတ်အားနဲ့ ဓာတ်ငွေ့ ထောက်ပံ့မှု ပြတ်တောက်သွားကြောင်းလည်း ဖဒ်ဒရို့ဗ်က တယ်လီဂရမ်မှာ ပြောထားပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇလန်စကီးက မော်စ်ကိုဟာ ၂ နိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးအတွက် ပြင်ဆင်နေချိန်ကို အသုံးချပြီး သူ့နိုင်ငံအပေါ် အကြီးစား တိုက်ခိုက်မှုအသစ်တွေကို လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
Source: Reuters










