ကျူးဘားနိုင်ငံရဲ့ ခရီးသွားကဏ္ဍကို ပစ်မှတ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေဟာ “ကျူးဘားစီးပွားရေးကို လည်မျိုညှစ်သတ်ဖို့” ဝါရှင်တန်က လုပ်ဆောင်နေတာကို နောက်တဆင့် ထပ်မြှင့်လိုက်တာလို့ ကျူးဘားသမ္မတ မီဂွဲလ်ဒီယက်ဇ်-ကာနဲလ်က ဇူလိုင် ၁၃ ရက်မှာ ရှုတ်ချလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ ကျူးဘား ခရီးသွားလာရေးဝန်ကြီးဌာန အပါအဝင် ကျူးဘားအဖွဲ့အစည်း ၁၀ ခုကို နာမည်ပျက်စာရင်း သွင်းလိုက်တယ်လို့ တနင်္လာနေ့က အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာပါတယ်။
အခုနောက်ဆုံး ပိတ်ဆို့အရေးယူမှုဟာ ကျူးဘားစီးပွားရေးကို အသက်ရှူကျပ်အောင်လုပ်ဖို့နဲ့ ကျူးဘားပြည်သူတွေကို ပိုပြီး ဆင်းရဲဒုက္ခရောက်အောင် လုပ်ဖို့အတွက် အမေရိကန်က ပိုပြီး ဖိအားပေးလာတာကို ပြသနေတယ်လို့ သမ္မတ ဒီယက်ဇ်-ကာနဲလ်က လူမှုကွန်ရက်ပေါ်က သူ့ရဲ့ပို့စ်မှာ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ တပတ်မပြည့်ခင်ကတင် ကုလသမဂ္ဂမှာ အမေရိကန်ရဲ့ ဒီလိုမူဝါဒကို ကန့်ကွက်ရှုတ်ချခဲ့ကြတယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။
ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂက်ဇ် ကလည်း ဒီပိတ်ဆို့အရေးယူမှု အသစ်တွေအပေါ် တနင်္လာနေ့မှာပဲ လူမှုကွန်ရက်ကနေတဆင့် ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။
အခုနောက်ဆုံး ဒဏ်ခတ်အရေးယူမှုတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ရေနံပိတ်ဆို့မှု လုပ်ခဲ့ပြီးကတည်းက ကျူးဘားအပေါ် ထရမ့်ပ်အစိုးရရဲ့ “အပြင်းထန်ဆုံး ဖိအားပေးရေး” ကမ်ပိန်းရဲ့ နောက်ထပ် ခြေလှမ်းသစ်တခုလည်း ဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းဟာ ကျူးဘားနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ရရှိစေတဲ့ အရေးအကြီးဆုံး အရင်းအမြစ်တွေထဲက တခု ဖြစ်ပါတယ်။
Source: Reuters










