
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ရုရှားအတွက် ယူကရိန်းစစ်ပွဲမှာ တိုက်ခိုက်ပေးရင်း ကျဆုံးသွားတဲ့ အာဇာနည်မိသားစုတွေအတွက် သာယာတဲ့ဘဝတခုကို ကတိပေးခဲ့ပြီး သူတို့ရဲ့ သားတွေနဲ့ ခင်ပွန်းတွေရဲ့ သူရဲကောင်းဆန်မှုအတွက် ကျန်ရစ်သူမိသားတွေကို ချီးကျူးဂုဏ်ပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက KCNA က သြဂုတ် ၃၀ ရက်မှာ ဖော်ပြပါတယ်။
သြဂုတ် ၂၉ ရက်က မြောက်ကိုရီးယား အစိုးရ ရုပ်မြင်သံကြားမှာ ကင်မ်ဂျုံးအန်း မိန့်ခွန်း ပြောနေတာကို ပြသခဲ့ရာမှာ “ကျဆုံးစစ်သည်တွေရဲ့ မိသားစုဝင်တွေကို ဧည့်ခံပြီးတော့ တိုင်းပြည်ဂုဏ်ကို ကာကွယ်ဖို့ သူတို့အသက်ကို စွန့်လွှတ်စတေးခဲ့ကြတဲ့ ကျဆုံးသွားတဲ့ အမျိုးသားတွေရဲ့ “အဖိုးတန်အသက်တွေကို ကယ်တင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဝမ်းနည်းမိပါတယ်” လို့လည်း ပြောကြားခဲ့ကြောင်း KCNA အစိုးရ သတင်းဌာနက ဖော်ပြပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားမှာလည်း ကင်မ်ဂျုံအန်းဟာ မျက်ရည်ကျနေကြတဲ့ ကျန်ရစ်သူမိသားစုတွေကို ဘောင်သွင်းကာ အလံအုပ်ထားတဲ့ ကျဆုံးစစ်သားတွေရဲ့ ဓာတ်ပုံတွေကို ပေးအပ်နေတာကို ပြသခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲဟာ ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသမှာ ကျဆုံးသွားတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို နောက်ဆုံးဂုဏ်ပြုတဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။
ကင်မ်ဂျုံအန်းနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ လအတန်ကြာ နှုတ်ဆိတ်နေပြီးနောက် ဧပြီလမှာ တပ်ဖြန့်ချထားမှုကို အသိအမှတ်ပြုခဲ့ပါတယ်။
မြောက်ကိုးရီးယား တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှု အရေအတွက်ကို ၂ နိုင်ငံက လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီကတော့ စုစုပေါင်း တပ်ဖြန့်မှု ၁၅,၀၀၀ ထဲက လူ ၆၀၀ လောက် သေဆုံးခဲ့ကြောင်း ဆိုထားပါတယ်။
Source:Reuters










