DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် အရပ်သား ၉ ဦးကို စစ်မှုထမ်းရန် အဓမ္မဖမ်းဆီး
DVB
·
August 30, 2025
ဘိုကလေးတွင် အရပ်သား ၉ ဦးကို စစ်မှုထမ်းရန် အဓမ္မဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှာ စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် အရပ်သား ၉ ယောက်ကို စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက အဓမ္မဖမ်းဆီးခေါ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘိုကလေးမြို့နယ်မှာ သြဂုတ် ၂၂ ရက်ကနေ ၂၇ ရက်အထိ ကာလအတွင်း အရပ်သား ၉ ယောက်ကို စစ်တပ်၊ ပျူစောထီး၊ ပြည်သူ့စစ်နဲ့ အုပ်ချုပ်ရေးမှူးတွေက ည ၁၀ နာရီမှာ နေအိမ်တွေအထိ လာပြီး အင်အားသုံးကာ အဓမ္မ ဖမ်းဆီးခေါ်သွားတာလို့ သိရပါတယ်။

ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိတဲ့ ဒေသခံတယောက်က “မဲကနှိုက်ပြီးသား၊ အုပ်ချုပ်ရေးမှူးတွေက ကိုယ့်ရပ်ရွာအတွက် မြို့ပေါ်တက် မဲနှိုက်ထားရတာလို့ ပြောတာ။ ပြောပြီး အဓမ္မဖမ်းခေါ်တာ၊ ညဘက်ကြီး ဖမ်းခေါ်ခံရတာ။ အကြောင်းကြားတာ၊ ဆင့်စာပို့တာ မဟုတ်ပါဘူး။ ကြိမ်ချောင်းကြီးရွာက ဖမ်းခေါ်ခံရတဲ့ ကောင်လေးဆို သူ့မိန်းမက ကိုယ်ဝန်ကြီးနဲ့ ကျန်ခဲ့ရတာ” လို့ ပြောပါတယ်။

ဘိုကလေးမြို့နယ်မှာ အဓမ္မဖမ်းဆီးခေါ်ခံရတဲ့ အရပ်သား ၉ ယောက်ဟာ ဟေမာန်ကျေးရွာ၊ ကြိမ်ချောင်းကြီးကျေးရွာ၊ သာပေါင်းကျေးရွာ၊ ကြိမ်ချောင်းလေး၊ စက်ဆန်း၊ သမ္မစိတ္တကျေးရွာ စတဲ့ ကျေးရွာတွေက ဖြစ်ပါတယ်။

ဖျာပုံခရိုင် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “မြေမြင်မှာ စစ်မှုထမ်းကို အုပ်ချုပ်ရေးမှူးတွေက အဓိက လုပ်နေတာ။ ဥပဒေနဲ့အညီ လုပ်တယ်ဆိုတာ လုံးဝကို မရှိတာ။ မြို့နယ်နဲ့ ခရိုင်အဆင့်တွေကို လုပ်ရဲကိုင်ရဲရှိတဲ့ အရပ်သားတွေက တိုင်ကြားထားသူတွေ မနည်းရှိနေတယ်။ ခရိုင်အဆင့် တာဝန်ရှိသူတွေပါတဲ့ သီးသန့်အဖွဲ့တခုက စစ်ဆေးကြပ်မတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ဘိုကလေးမြို့နယ်ဟာ ကျေးရွာခွဲ ၂၄ ရွာအထိ ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက အရပ်သားတွေကို စစ်မှုထမ်းဖို့ အဓမ္မ ဖမ်းဆီးခေါ်ခံနေရတဲ့အပြင် လစဉ် စစ်မှုထမ်းတွေအတွက် ထောက်ပံ့ကြေးငွေကိုလည်း အနည်းဆုံး ကျပ် ၉၀,၀၀၀ အထိ ထည့်ပေးနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ညဘက်တွေမှာ စစ်ကောင်စီတပ်ပါတဲ့ အဖွဲ့တွေက စစ်မှုထမ်းဖို့ အခုလို အဓမ္မ ဖမ်းဆီးခေါ်ယူနေတာကြောင့် အရပ်သား အမျိုးသားတွေ မိရိုးဖလာလုပ်ငန်းတွေ မလုပ်ရဲတော့ဘဲ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013