
ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ အီတလီ စီးရီးအေပြိုင်ပွဲ ပွဲစဉ် ၂ မှာ အေစီမီလန်အသင်းက လီစီအသင်းကို အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အေစီမီလန်အသင်းဟာ ပွဲအစ ၃ မိနစ် ကတည်းက ဂိုးရခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး ဒိုင်လူကြီးက လီစီဘက်ကို ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ပါတယ်။
အဲဒီနောက်ပိုင်း အေစီမီလန်အသင်းက ဂိုးရဖို့ လီစီဘက်ကို ဖိကစားခဲ့ပေမဲ့ ပထမပိုင်း ပြီးတဲ့အထိ ဂိုးမရှိ သရေကျနေခဲ့တာပါ။
ပွဲချိန် ဒုတိယပိုင်း ၅၉ မိနစ်မှာလည်း အေစီတို့ ဂိုးရခဲ့ပေမယ့် လူကျွံနေခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် ၆၆ မိနစ်မှာတော့ အေစီကစားသမား လော့ဖ်တက်ချိခ်က အေစီမီလန်အတွက် အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။
အဲဒီဂိုးကို ရီးရဲလ်မက်ဒရစ်အသင်းက ပြောင်းလာတဲ့ ဝါရင့် ကွင်းလယ်လူ လူကာမိုဒရစ်က ပြစ်ဒဏ်ဘောကနေ တဆင့်ပေးပို့ခဲ့တာဖြစ်ပြီး ဒါဟာ အေစီအတွက် သူ့ရဲ့ ပထမဆုံး ဂိုးဖန်တီးမှုဖြစ်ပါတယ်။
ပွဲကစားချိန် ၈၆ မိနစ်မှာတော့ ပူလီဆစ်က အေစီအတွက် ဒုတိယမြောက် အနိုင်ဂိုးကို ဂိုးသမားနဲ့ တယောက်ချင်းအတွေ့မှာ သွင်းယူနိုင်ခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ စီးရီးအေ ပွဲစဉ် ၂ ပွဲ ကစားအပြီး တပွဲ ရှုံး တပွဲနိုင် ရမှတ် ၃ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
Photo: Reuters










