DVB Logo
Home
မြန်မာသတင်း
အစစ်အဆေးများသဖြင့် ရန်ကုန်ကနေ ကုန်ပစ္စည်းပို့သည့် ယာဥ်လိုင်းများ ဝန်ဆောင်မှုရပ်နားထား
DVB
·
August 29, 2025
အစစ်အဆေးများသဖြင့် ရန်ကုန်ကနေ ကုန်ပစ္စည်းပို့သည့် ယာဥ်လိုင်းများ ဝန်ဆောင်မှုရပ်နားထား
Donate to DVB

စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုတွေ များနေတာကြောင့် ရန်ကုန်ကနေ နယ်မြို့တွေကို ကုန်ပစ္စည်းပို့တဲ့ ယာဥ်လိုင်းတွေ ဝန်ဆောင်မှုကို ခေတ္တရပ်ထားရတယ်လို့ ယာဥ်လိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကုန်ပစ္စည်းတွေကို စစ်တပ်က ကန့်သတ်လိုက်တာကြောင့် ကုန်ပစ္စည်း သီးသန့်ပို့တဲ့ ယာဥ်လိုင်းတွေ အနေနဲ့ ပို့ကုန်မရှိတဲ့အပြင် လမ်းတလျှောက်ပေးရတဲ့ ဂိတ်ကြေးတွေကြောင့် တွက်ခြေမကိုက်ဘဲ ယာယီရပ်နားထားရတယ်လို့ ယာဥ်လိုင်းနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“ဆေးဝါးပို့မရဘူး၊ လျှပ်စစ်ပစ္စည်း ပို့မရဘူး၊ စားနပ်ရိက္ခာ ပို့မရဘူး၊ ကလေးဝတ်တဲ့ဒိုက်ပါတောင် အရေအတွက်နဲ့ပို့ရတော့ ကုန်ပစ္စည်း သီးသန့်ပို့တဲ့ကားတွေ အကျပ်ရိုက်ကုန်ရော။ ရသလောက်ကုန်နဲ့ ပို့မယ်ဆို ဂိတ်ကြေးပေးရတာနဲ့ စစ်တပ်နဲ့ ရဲကို လုပ်ကျွေးသလို ဖြစ်နေတယ်။ လက်ရှိတော့ ကုန်ပစ္စည်းပို့တာတွေ နားထားတယ်။”

ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်း၊ ပဲခူး၊ မော်လမြိုင်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေကို ကုန်ပစ္စည်းပို့ရာမှာ ကုန်ပစ္စည်းတွေကို ကန့်သတ်လိုက်တာကြောင့် ကုန်ပစ္စည်းသီးသန့်ပို့တဲ့ ယာဥ်လိုင်းတွေ အခက်အခဲဖြစ်ရတာလို့ သူက ရှင်းပြပါတယ်။

ခရီးသည်တင်ယာဥ် Express ကားနဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်နိုင်ပေမဲ့ တချို့ယာဥ်လိုင်းတွေမှာ ပိုင်ရှင်မပါဘဲ သီးသန့်ပို့ကုန်ပစ္စည်း လက်မခံလို့ ကုန်ပစ္စည်းပို့ရာမှာ အခက်အခဲဖြစ်ရတယ်လို့ တောင်ဥက္ကလာမြို့ခံတယောက်က DVB ကို ပြောပါတယ်။

“အမေနေမကောင်းလို့ မြစ်ကြီးနားကို ဆေးပို့တာတောင် ဆေးရုံစာရွက်တွေ၊ အိမ်လိပ်စာတွေ၊ မှတ်ပုံတင်မိတ္တူ ပေးရတယ်။ ပစ္စည်းမများလို့၊ များတဲ့သူတွေဆို ပိုင်ရှင်ကိုယ်တိုင်လိုက်ရတာ၊ မလိုက်ရင် မရဘူး။”

၁၀၂၇ စစ်ဆင်ရေးကြောင့် နယ်မြေအချို့ လက်လွှတ်ရပြီး တပ်စခန်းတချို့ ဆုံးရှုံးရတဲ့ စစ်တပ်အနေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ချင်တဲ့အတွက် အခုလိုလုပ်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က DVB ကို ပြောပါတယ်။

“စစ်တပ်က ထောက်ပို့လမ်းကြောင်း ဖြတ်လိုက်ရုံနဲ့ ပွဲပြီးသွားမယ်ထင်တာ။ တနိုင်ငံလုံးက ထောက်ပို့တွေ ဖြစ်နေတာ မသိဘူး။ အခုလိုလုပ်တော့ PDF တွေက ဘာမှမဖြစ်ဘူး၊ ကြားထဲက ပြည်သူတွေပဲ ဒုက္ခရောက်ရတာ။”

စစ်ကောင်စီက တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေမှာ လူသုံးကုန်အမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ စားသောက်ကုန်၊ အိမ်သုံးဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ပလတ်စတစ်ပစ္စည်းမျိုးစုံတို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်ကလည်း ပြည်တွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ Delivery လုပ်ငန်းတွေက စစ်ကိုင်း၊ မကွေးနဲ့ ဆက်စပ်နေတဲ့ မြို့နယ်တွေကို လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ အလှကုန်ပစ္စည်းအများစု တင်ပို့တာကို ကန့်သတ်လိုက်တာလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013