DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ကလေးများ အပါအဝင် ၁၄ ဦးသေဆုံး
DVB
·
August 28, 2025
မြောက်ဦးတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ကလေးများ အပါအဝင် ၁၄ ဦးသေဆုံး
Donate to DVB

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်တပ်က အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာနေပြီး မြောက်ဦးမြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ကလေးငယ်တွေ အပါအဝင် သေဆုံးခဲ့သူ ၁၄ ယောက်အထိ ရှိလာကာ အသက်အန္တရာယ် စိုးရိမ်နေရသူတွေလည်း ရှိနေသေးတယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက် ည ၁၁ နာရီ ၃၀ မိနစ်လောက်မှာ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာပါ။

အခုလို ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်‌တွေ အပါအဝင် ဒေသခံ ၁၂ ယောက် နေရာမှာတင် သေဆုံးခဲ့ရပြီး အယောက် ၂၀ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ နေအိမ်အလုံးပေါင်း ၂၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ မြောက်ဦးဒေသခံတယောက်က ပြောပါတယ်။

ဗုံးကြဲခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေထဲက  ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ အသက် ၄ နှစ်အရွယ် မောင်အောင်အောင်နဲ့ အသက် ၃၂ အရွယ် ဒေါ်မအေးစန္ဒာတို့ဟာ သြဂုတ် ၂၆ ရက် ညနေပိုင်းမှာ ထပ်မံသေဆုံးခဲ့တဲ့အတွက် သေဆုံးသူ ၁၄ ယောက်အထိ ရှိလာနေပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၆ ယောက်အထိ ရှိလာနေတာပါ။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာလည်း ပြင်းထန်ဒဏ်ရာ ရရှိသူတွေ များတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေ ထပ်ရှိသေးတယ်လို့ ဆိုပါတယ်။

ဗုံးကြဲခံထားရတဲ့နေရာတွေကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ မြောက်ဦးဒေသခံတယောက်က “မြင်ခဲ့ရတာကတော့ ပေါင် ၅၀၀ ဗုံးကြဲချထားတဲ့ နေရာနှစ်ခုက တွင်းအကြီးကြီးတွေ ဖြစ်နေတယ်။ အဲဒီအနီးအနားမှာရှိတဲ့ အိမ်တွေဆိုရင် အကုန်လုံး ဖရိုဖရဲဖြစ်နေတာ တွေ့ရတယ်။ လုံးဝကို ရစရာမရှိဘူး။ ပေါင် ၅၀၀ ဗုံး နှစ်လုံး အားဆိုတော့ လွယ်တာတော့မဟုတ်ဘူး။ တချို့ဆိုရင် ခြေလက်အများစု ပြတ်ထွက်သွားတာမျိုးရှိတယ်။ တချို့ဆိုရင် စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိပါ‌သေးတယ်” လို့ ပြောပါတယ်။

အလားတူ ဩဂုတ် ၂၆ ရက် ညနေ ၃ နာရီလောက်မှာလည်း မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာ အနီးအနားကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ဆက်တိုက်ကြဲချခဲ့ပါတယ်။

အခုလို စစ်တပ်က ဗုံးဆက်တိုက်လာကြဲတဲ့အတွက် ကျောက်ခုတ်ရွာသားတွေဟာ ဗုံးထပ်လာကြဲမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေထိုင်နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီနေ့တရက်တည်း ညနေ ၅ နာရီကျော်မှာလည်း ပေါက်တောမြို့နယ်၊ တောင်ညိုရွာအနီးရှိ သပိတ်တောင်ကို ဗုံးတလုံး ကြဲချခဲ့သလို အနီးအနားက လယ်ကွင်းပြင်ကိုလည်း နောက်ထပ် ဗုံးတလုံး ထပ်မံကြဲချခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ စစ်တပ်က လူစုလူဝေးရှိတဲ့ နေရာတွေကို ပစ်မှတ်ထား ပစ်ခတ်မှုတွေ ရှိနေတာကြောင့် လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီး မြို့မဈေးကြီးတွေကို ယာယီပိတ်ထားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ကလည်း စစ်တပ်ရဲ့ စစ်ရာဇဝတ် ကျူးလွန်မှုတွေကို မိမိတို့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ပြင်းထန်စွာ ရှုတ်ချပါတယ်လို့ သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေအပေါ် ခုလိုလုပ်ရပ်ဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရခိုင်က တက်ကြွလှုပ်ရှားသူ လူငယ်တယောက်က ပြောပါတယ်။

“သူတို့ရဲ့ ပုံမှန်လုပ်ထုံးလုပ်နေကျ ပုံစံမျိုးပေါ့။ တကယ်လည်း စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်တခုလို မြင်ပါတယ်။ ခုလိုမျိုး စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတာက တော်တော်များနေပါပြီ။ ဒါပေမဲ့ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးတာ မတွေ့ရသေးပါဘူး။ နစ်နာရတဲ့သူတွေကတော့ ပြည်သူတွေပေါ့ဗျာ။ လက်ရှိ ရခိုင်မှာ ဖြစ်နေတဲ့ ပုံစံကို ကြည့်မယ်ဆိုရင် သူတို့ အရေးပေါ်ကြေညာချက်ထဲမှာပါတဲ့ မြို့နယ်တွေကို အဓိကဦးတည်ပြီး တိုက်ခိုက်နေတာ တွေ့ရပါတယ်။ AA ကို တိုက်ခိုက်နေတဲ့ပုံစံမဟုတ်ဘဲ တောက်လျှောက် အရပ်သားတွေကိုပဲ ဦးတည်ပြီး တိုက်ခိုက်လာတာ တွေ့ရပါတယ်။ အဓိကက သူတို့လိုချင်တဲ့‌ ရွေးကောက်ပွဲ လုပ်လို့ရဖို့အတွက်ကို ပုံစံတမျိုးနဲ့ AA ကို ဖိအားပေးနေတယ်လို့ ထင်ပါတယ်။”

အခုလို ထိန်းချုပ်နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာနေတဲ့အတွက် လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီး AA အနေနဲ့ Star link အင်တာနက်သုံးစွဲခွင့်ကို ယာယီပိတ်ပင်ထားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အာရက္ခတပ်တော် (AA) ကလည်း နိုင်ငံတဝန်းမှာ စစ်ရှုံးနေတဲ့ စစ်တပ်က စစ်ဘက်နဲ့မသက်ဆိုင်တဲ့ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဈေး၊ ဘာသာရေးအဆောက်အုံ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေထူထပ်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ကာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်နေတယ်လို့ သြဂုတ် ၂၆ ရက်က ထုတ်ပြန်ထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013