DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယက ရုရှားရေနံဝယ်၍သက်သာမှုထက် ထရမ့်ပ်စည်းကြပ်ခွန်ကြောင့် နစ်နာမှု ပိုများ
DVB
·
August 28, 2025
အိန္ဒိယက ရုရှားရေနံဝယ်၍သက်သာမှုထက် ထရမ့်ပ်စည်းကြပ်ခွန်ကြောင့် နစ်နာမှု ပိုများ
Donate to DVB

အိန္ဒိယက ရုရှားရေနံဝယ်လို့ သက်သာတဲ့ ငွေပမာဏထက် ဩဂုတ် ၂၇ ရက်မှာ စတင်သက်ဝင်တဲ့ ထရမ့်ပ်ရဲ့ ထပ်တိုးစည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းကြောင့် နစ်နာတဲ့ပမာဏက ၂ ဆကျော် ပိုများနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ယူကရိန်းကို ကျူးကျော်လို့ ရုရှားကို ဝိုင်းအရေးယူပိတ်ဆို့တဲ့အချိန် ၂၀၂၂ ခုနှစ်ကတည်းက အိန္ဒိယက ရုရှားရေနံတွေကို လျှော့စျေးနဲ့ ဝယ်ယူခဲ့တာကြောင့် လက်ရှိအချိန်မှာ အနည်းဆုံး ဒေါ်လာ ၁၇ ဘီလီယံထိ သက်သာခဲ့တယ်လို့ လေ့လာသူတွေ တွက်ချက်ထားပါတယ်။

ဒါပေမဲ့ အိန္ဒိယကနေ အမေရိကန်ကိုပို့တဲ့ ပို့ကုန်တွေအပေါ် ထရမ့်ပ်ရဲ့ ထပ်တိုးစည်းကြပ်ခွန်ကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တခုတည်းမှာတင် ပို့ကုန် ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းပြီးတော့ ဒေါ်လာ ၃၇ ဘီလီယံနီးပါး နစ်နာသွားမယ်လို့ နယူးဒေလီအခြေစိုက် Global Trade Research Initiative (GTRI) က သုံးသပ်ပါတယ်။

အိန္ဒိယဘဏ္ဍာနှစ်ဟာ မြန်မာနိုင်ငံလိုပဲ ဧပြီလမှာ စပြီး နောက်တနှစ် မတ်လမှာ အဆုံးသတ်တာ ဖြစ်ပါတယ်။

စည်းကြပ်ခွန်ကြောင့် အထည်ချုပ်နဲ့ ကျောက်မျက်လိုမျိုး လုပ်သားအင်အားများများသုံးရတဲ့ နယ်ပယ်တွေမှာ အလုပ်အကိုင်ထောင်ချီ ဆုံးရှုံးနိုင်ပြီး ဝန်ကြီးချုပ် နာရန်ဒြာမိုဒီအတွက် နိုင်ငံရေးအရပါ ထိခိုက်မှုရှိလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

နောက်ရက်တွေထဲမှာ အိန္ဒိယက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာဟာ ဆယ်စုနှစ်ချီရှိပြီဖြစ်တဲ့ ရုရှားနဲ့ ဆက်ဆံရေးကိုပါ ပြန်လည်ပုံဖော်ပေးနိုင်သလို အမေရိကန်နဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးအပေါ်ပါ သက်ရောက်မှု ရှိလာနိုင်ပါတယ်။

အစဉ်အလာအားဖြင့် အိန္ဒိယဟာ အမေရိကန်နဲ့ ဆက်ဆံရေး အရမ်းကောင်းခဲ့တာ မဟုတ်ပေမဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ဩဇာလွှမ်းမိုးလာမှုကို တန်ပြန်ဖို့အတွက် အမေရိကန်နဲ့ ဆက်ဆံရေးဟာ အရေးကြီးတယ်လို့ ရှုမြင်ထားတာ ဖြစ်ပါတယ်။

တဖက်မှာလည်း အိန္ဒိယဟာ ရုရှားဆီက ရေနံကို စျေးပေါလို့ ဝယ်တာ မကြာသေးပေမဲ့ စစ်လက်နက်ပစ္စည်းတွေ အရင်ကတည်းက အစဉ်အဆက် ဝယ်ယူခဲ့တာဖြစ်သလို ပထဝီနိုင်ငံရေး အရလည်း အများကြီး မှီခိုအားထားခဲ့တာ ဖြစ်တယ်လို့ ဒေလီမြို့အခြေစိုက် Council for Strategic and Defence Research သုတေသနစင်တာက သုံးသပ်ပါတယ်။

ဒါကြောင့် အိန္ဒိယအစိုးရဟာ အမေရိကန်စွမ်းအင် ဝယ်ယူမှု တိုးမြှင့်တာမျိုး လုပ်ပြီးတော့ ဝါရှင်တန်နဲ့ ဆက်ဆံရေးကို ပြန်ထူထောင်ဖို့ လိုလားနေသလို ရုရှားရေနံတင်သွင်းမှု လုံးဝရပ်တာမျိုးကျတော့လည်း မလုပ်ချင်ဘူး ဖြစ်နေတယ်လို့ အစိုးရသတင်းရင်းမြစ် ၂ ခုကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013