
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့က သထုံမြို့နယ်နဲ့ ဘားအံမြို့နယ် နယ်ခြားရှိ ဒုံသမိချောင်းကူးရာမှာ အသုံးပြုနေတဲ့ ဖောင်တစင်းကို ဩဂုတ် ၂၆ ရက်က မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၂၅ ရက်က ဒုံသမိချောင်းအနီး ဝါးပိုးတောကျေးရွာရှိ DKBA ဗိုလ်ဘိအဖွဲ့ ပိုက်ဆံကောက်နေတဲ့ ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် အခုလို မိုင်းခွဲဖျက်ဆီးလိုက်တာလို့ ရွာခံတယောက်က ပြောပါတယ်။
“တနင်္လာနေ့က PDF တွေ လက်ပစ်ဗုံးနဲ့ ဝင်ပစ်သွားတာ။ ဗိုလ်ဘိအဖွဲ့က ၃ ယောက် သေသွားလို့ ဖောင်ကို မိုင်းခွဲဖျက်ဆီးလိုက်တာ။ အဲဒီဖောင်နဲ့ပဲ မှောင်ခိုပစ္စည်းတွေ ကားတွေ သယ်ပြီး အကောက်ကောက်နေတာ။ အခု ဖောင်မရှိတော့ ရွာသားတွေလည်း ချောင်းကူးလို့မရတော့ဘူးပေါ့။”
မိုင်းခွဲဖျက်ဆီးခံလိုက်ရတဲ့ဖောင်ဟာ စစ်ကောင်စီက ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းတွေနဲ့ လိုင်စင်မဲ့ မော်တော်ယာဥ်တွေ သယ်ယူပို့ဆောင်ရာမှာ DKBA ဗိုလ်ဘိအဖွဲ့က ငွေကြေးကောက်ခံနေတဲ့ ဖောင်တစင်းဖြစ်သလို မြိုင်ကြီးငူဒေသ KNU တပ်မဟာ ၅ နယ်မြေကတဆင့် ဘီးလင်းမြို့ထိ ပေါက်နေကြောင်း ရွာခံတွေဆီက သိရပါတယ်။
လက်ရှိမှာ ဒုံသမိချောင်းကူးဖောင် မိုင်းခွဲဖျက်ဆီးခံလိုက်ရတာကြောင့် ချောင်းဖြတ်ကူးမယ့် မော်တော်ယာဉ်တွေ ရာနဲ့ချီ ပိတ်မိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။










