
မြောက်ကိုရီးယားနိုင်ငံရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေနဲ့ အထူးစနိုက်ပါသမားတွေ အင်အားတောင့်လာခြင်းဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို တည်ဆောက်ရာမှာ အရေးကြီးကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က ထုတ်ပြန်ပါတယ်။
ကင်မ်ဂျုံအန်းဟာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ လေ့ကျင့်ရေးစခန်းကို သွားရောက်စစ်ဆေးချိန်မှာ မှတ်ချက်စကား ပြောခဲ့တာလို့ ဆိုပါတယ်။
အစိုးရပိုင် ရုပ်မြင်သံကြား KRT ရဲ့ သြဂုတ် ၂၈ ရက်က ပြသထားတဲ့ ဓာတ်ပုံတွေထဲမှာ ကင်မ်ဂျုံအန်းဟာ တောတွင်းစစ်သားတွေ ဝတ်လေ့ရှိတဲ့ ကိုယ်ရောင်ဖျောက်ဒီဇိုင်း ဂီးလီဝတ်စုံကို ဝတ်ဆင်ထားတဲ့ စနိုက်ပါစစ်သားတွေနဲ့ စကားပြောဆိုနေပြီး လေ့ကျင့်မှုကို ကြည့်ရှုနေပုံကို မြင်တွေ့ရပါတယ်။
အခုလ အစောပိုင်းက ကင်မ်ဂျုံအန်းဟာ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သူ့နိုင်ငံကို “ရန်အလိုဆုံးနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ” ဆက်ရှိနေဖို့ သူတို့ရဲ့ ရည်ရွယ်ချက်အဖြစ် ရှုတ်ချခဲ့ပြီး ပြုံယမ်းရဲ့ နျူကလီးယား တည်ဆောက်မှုကို အရှိန်မြှင့်မယ်လို့ ကတိပြုခဲ့ပါတယ်။
Source: Reuters











